ယူကရိန်းစစ်ပွဲတွင် ရုရှားအား စစ်ရေးအကူအညီပေးလျှင် တရုတ်အနေဖြင့် ကြီးကြီးမားမား ပေးဆပ်ရမည်ဟု  အမေရိကန် သတိပေး

By ANI 
01 March 2023
ယူကရိန်းစစ်ပွဲတွင် ရုရှားအား စစ်ရေးအကူအညီပေးလျှင် တရုတ်အနေဖြင့် ကြီးကြီးမားမား ပေးဆပ်ရမည်ဟု  အမေရိကန် သတိပေး

ယူကရိန်းစစ်ပွဲတွင် ရုရှားကို စစ်ရေးအကူအညီပေးလျှင် တရုတ်နိုင်ငံအနေဖြင့် ကြီးကြီးမားမား ပေးဆပ်ရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်က ဖေဖော်ဝါရီလ ၂၆ တွင် ပြောကြားလိုက်သည်။ 

"ဒီစစ်ပွဲဟာ တရုတ်အတွက် တကယ့် ရှုပ်ထွေးမှုတွေကို ဖြစ်ပေါ်စေတယ်လို့ မိမိတို့ ယူဆပါတယ်။ နောက်ပြီး တရုတ်အနေနဲ့ စစ်ရေး အကူအညီတွေ ပေးသင့် မပေးသင့်ဆိုတာကို မိမိ ဘာသာဆုံးဖြတ်ချက် ချရပါလိမ့်မယ်။ တကယ်လို့ စစ်ရေးအကူအညီ ပေးမယ်ဆိုရင်တော့ တရုတ်အနေနဲ့ အမှန်တကယ် ကြီးကြီးမားမား ပေးဆပ်ရပါလိမ့်မယ်။ တရုတ်ခေါင်းဆောင်တွေက ဆုံးဖြတ်ချက်တွေချတဲ့အခါ အဲဒီအချက်ကို ချင့်တွက်နေကြတယ်လို့ ထင်ပါတယ်” ဟု ဆူလီဗန်က CNN သို့ ပြောကြားခဲ့သည်။

"အမေရိကန်က တိုက်ရိုက်ခြိမ်းခြောက်မှုတွေ လုပ်နေတာမဟုတ်ပါဘူး။ ပေးဆပ်ရမှာတွေနဲ့ အကျိုးဆက်တွေ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို အတိအလင်း ချပြနေတာပါ” ဟု ဆူလီဗန်က ဆိုသည်။

ယူကရိန်းစစ်ပွဲတွင် အသုံးပြုရန် ရုရှားသို့ ဒရုန်းများနှင့် ခဲယမ်းမီးကျောက်များ ပေးအပ်ရေး တရုတ်အစိုးရက စဉ်းစားနေသည်ဟု အမေရိကန်က စစ်ရေးသတင်းရရှိထားကြောင်း ၎င်းနှင့်နီးစပ်သည့် သတင်းရင်းမြစ် ၃ ခုက CNN သို့ ပြောကြားခဲ့သည်။

တရုတ်နှင့် ရုရှားတို့ကြား လက်နက်ပစ္စည်းများ၏ ဈေးနှုန်းနှင့် လက်နက်အမျိုးအစားများနှင့်ပတ်သက်၍ ညှိနှိုင်းမှုများ ဆက်လက် ပြုလုပ်နေပြီး တရုတ်က ဆုံးဖြတ်ချက် မချရသေးပုံရကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ 

အမေရိကန်အနေဖြင့် ယခုချိန်မှစပြီး တစ်နှစ်အတွင်း လက်ရှိအနေအထားအတိုင်း ယူကရိန်းကို ဆက်လက်ထောက်ပံ့နိုင်ခြင်း ရှိ မရှိ CNN ၏ မေးမြန်းချက်နှင့်ပတ်သက်၍ ဆူလီဗန်က “စစ်ပွဲက ခန့်မှန်းလို့မရနိုင်ဘူးဆိုတာ အမေရိကန်ပြည်သူတွေကို အရိုးသားဆုံး ပြောချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ရုရှားက ခရိုင်းမီးယားကို သိမ်းပိုက်ခြင်းအား မည်သည့်အခါမျှ အသိအမှတ်ပြုသွားမည် မဟုတ်ကြောင်းနှင့်  အဆိုပါ ကျွန်းဆွယ်သည် ယူကရိန်းနိုင်ငံ၏ အစိတ်အပိုင်းဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က ဖေဖော်ဝါရီလ ၂၆ တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly