ကမ္ဘောဒီးယားမှတပ်သားပုံဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များကို ပုံဖျက်တိုက်ခိုက်

ကမ္ဘောဒီးယားမှတပ်သားပုံဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များကို ပုံဖျက်တိုက်ခိုက်

မဇ္ဈိမ ။    ။ပြည်သူ့ကာကွယ်ရေးတပ်(PDF) လက်မောင်းတံဆိပ်ဖြင့် ပစ်မှတ်လွဲချော်နေသော သေနတ်ပစ် လေ့ကျင့်သည့်ဘုတ်ကို ကိုင်ကာရိုက်ထားသည့်ပုံတစ်ခု ပျံ့နှံ့နေသည်။ ယင်းမှာ မှားယွင်းနေသည်။ 

မှိုင်းဝေနှင့် ကိုသက် တယ်လီဂရမ်ချန်နယ်များမှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် “PDFတွေ လေ့ကျင့်သား တော်တော်ပြည့်ဝနေပြီ။ အထူးသတိထားကြပါ။ ကျုပ်ကတော့ တော်တော်ကြောက်နေပြီ” ဟု ရေးသား ကာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)လက်မောင်းတံဆိပ်ဖြင့် ပစ်မှတ်လွဲချော်သည့်ဘုတ်တစ်ခုကိုကိုင်ပြီး ရိုက်ထားသည့်ပုံတစ်ပုံကို ဖြန့်ဝေထားသည်။ ယင်းကို ကြည့်ရှုသူ ၂၀,၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး ဖေ့စ်ဘုတ် တွင်လည်း ပျံ့နှံ့လျက်ရှိနေသည်။ 

မဇ္ဈိမမှ အဆိုပါပုံအားအချက်အလက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံမှပြည်သူ့ကာကွယ်ရေးတပ်သား(PDF)ပုံ မဟုတ်ဘဲ ကမ္ဘောဒီးယားနိုင်ငံမှ ရဲတပ်သားတစ်ဦး၏ဓာတ်ပုံအား ရင်ဘတ်နှင့်လက်မောင်းအမှတ်တံဆိပ် များကို ပြုပြင်ထားသည့် ပုံဖြစ်ကြောင်း တွေ့ရသည်။ 

“Poclice Cute” အမည်ရှိ ကမ္ဘောဒီးယားနိုင်ငံမှ ရဲနှင့်စစ်သားများအကြောင်း တင်လေ့ရှိသည့် ပေ့ချ်တစ်ခု တွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့၌ “ဓါးစာခံက မင်းရဲ့ ရည်းစားဟောင်းဖြစ်နေတဲ့အခါ” ဆိုသည့် ခေါင်းစဉ် ဖြင့် ကမ္ဘောဒီယားရဲတပ်သားတစ်ဦးမှ သေနတ်ပစ်လေ့ကျင့်သည့်ဘုတ်ပြားအား ကိုင်ထားသည့်ပုံကို စနောက်ကာဟာသအဖြစ်တင်ထားသည်။ လင့် https://bit.ly/3EIX1pN

အဆိုပါ ရဲတပ်သား၏ ရင်ဘတ်နှင့် လက်မောင်းတွင် ကမ္ဘောဒီးယား ရဲတပ်ဖွဲ့အမှတ်တံဆိပ်လည်း အထင် အရှားပါဝင်ပြီး အဆိုပါရဲတပ်သားအပါအဝင် အနောက်မှ တပ်သားမှများ၏ ဝတ်စုံသည်လည်း မြန်မာနိုင်ငံ ကာကွယ်ရေးတပ်မှ ဝတ်စုံမဟုတ်ဘဲ ကမ္ဘောဒီယားနိုင်ငံမှ ရဲဝတ်စုံဖြစ်သည်။ 

အဆိုပါ ကမ္ဘောဒီးယားရဲတပ်သား၏ပုံမှာ ဖေ့စ်ဘုတ်တွင်သာမက အခြားလူမှုကွန်ယက်စာမျက်နှာများ ဖြစ်သည့် တွစ်တာတွင်လည်း ဟာသအနေဖြင့် ပျံ့နှံ့ခဲ့ပြီးသားဖြစ်သည်။  လင့် https://bit.ly/3ZrVYTb

ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)လက်မောင်းတံဆိပ်ဖြင့် ပစ်မှတ်လွဲချော်သည့်ဘုတ်ကိုကိုင် ကာရိုက်ထားသည့်တပ်သားပုံသည် ကမ္ဘောဒီးယားနိုင်ငံရဲတပ်သားတစ်ဦးမှ စနောက်ကာတင်ထားသည့်ပုံ အား ရင်ဘတ်နှင့် လက်မောင်းအမှတ်တံဆိပ်များအား ပြုပြင်ကာ ဖြန့်ဝေထားခြင်းသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly