နိုင်ငံကူးလက်မှတ် တစ်ရက်လျှင် လူ ၂၅၀၀နှုန်းဖြင့် လူ၄၀၀၀၀ အထိ ရက်ချိန်းများ ထုတ်ပေး

By ကီရာ (မဇ္ဈိမ)
28 February 2023
နိုင်ငံကူးလက်မှတ် တစ်ရက်လျှင် လူ ၂၅၀၀နှုန်းဖြင့် လူ၄၀၀၀၀ အထိ ရက်ချိန်းများ ထုတ်ပေး

ဖေဖော်ဝါရီ ၂၄ရက်က စတင်လုပ်ဆောင်ခဲ့သော နိုင်ငံကူးလက်မှတ်လျှောက်ထားမှု စနစ်သစ်တွင် ဖေဖော်ဝါရီ ၂၇ရက်မှ မတ်လ ၂၁ရက်အထိ ရက်ချိန်းများ ထုတ်ပေးထားပြီး တစ်ရက်လျှင် လူ၂၅၀၀နှုန်းဖြင့် လူဦးရေ ၄၀၀၀၀ အထိ ရက်ချိန်းများ ထုတ်ပေးထားသည်ဟု ၎င်းတို့ နိုင်ငံကူးလက်မှတ် ဝဘ်ဆိုဒ်မှ ဖော်ပြချက်အရ သိရသည်။

နိုင်ငံကူးလက်မှတ်ဝင်ရောက် လျှောက်ထားသူများပြားသည့်အတွက် ဆာဗာချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၅ရက်ညပိုင်းတွင် လျှောက်ထားမှုအသစ်များကို ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ရပြီး ဖေဖော်ဝါရီ ၂၇ရက် ညပိုင်းတွင် ‌ပြန်လည်လျှောက်ထားမှုရရှိကြောင်းကိုလည်း လျှောက်ထားသူများထံမှ သိရသည်။

ပြန်လည် ဖွင့်လှစ်သည့် ပထမဆုံးရက်ဖြစ်သော ဖေဖော်ဝါရီ ၂၇ရက်ညပိုင်းအထိ လူများပြည့်နှက်နေကြောင်းကိုလည်း နိုင်ငံကူးလက်မှတ်သွားရောက်လုပ်ဆောင်သူများထံမှ သိရသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍"ည ၉နာရီခွဲအထိ ရုံးထဲမှာပါ နောက်မှာလူ၂၀၀လောက်‌ ကျန်သေးတယ်။ ည ၁၀နာရီ ၂၀အထိ စောင့်နေရတုန်း" ဟု နိုင်ငံကူးလက်မှတ်သွားရောက်လုပ်ကိုင်သူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်ကို တွေ့ရသည်။

နိုင်ငံကူးလက်မှတ်လုပ်ဆောင်ရာတွင် လူမျိုးခြား သွေးနှောများမှာ အချိန်ပိုမိုကြာမြင့်စွာ စောင့်‌ဆိုင်းရသည်ဟုလည်း သိရသည်။

ထို့အပြင် နိုင်ငံကူးလက်မှတ်ရုံးရှေ့တွင် နေရာဦးထားပြီး နေရာနှင့် ထိုင်ခုံရောင်းသူများလည်း ရှိသည်ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

အွန်လိုင်းဘိုကင်စနစ်သစ် စတင်လုပ်ဆောင်သည့် ဖေဖော်ဝါရီ ၂၄ရက်မှစတင်၍ လက်ရှိအချိန်အထိ ကိုယ်ရေးအချက်အလက်များ‌ဖြည့်သွင်းပြီး ငွေပေးချေမှုများ လုပ်ဆောင်ပြီးသော်လည်း ရက်ချိန်းရရှိခြင်းမရှိသူများ၊ ငွေထပ်မံပေးချေရန် အကြောင်းကြားမှုများ ကြုံနေရသူများနှင့် ကိုယ်ရေးအချက်အလက်ဖြည့်သွင်းပြီး ဆာဗာချို့ယွင်းမှုကြောင့် ငွေပေးချေရန် ကျန်နေသူများလည်း ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly