မုံရွာတွင် စစ်ကောင်စီတပ်သတင်းပေး စစ်မှုထမ်းဟောင်း ပစ်သတ်ခံရ 

By ပါခွီး (မဇ္စျိမ)
28 February 2023
မုံရွာတွင် စစ်ကောင်စီတပ်သတင်းပေး စစ်မှုထမ်းဟောင်း ပစ်သတ်ခံရ 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီတပ်ကိုသတင်းပေးပြီး ရိက္ခာများ ထောက်ပံ့ပေးနေသည့် စစ်မှုထမ်းဟောင်း ဒုတပ်ကြပ်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဗန္ဓုလနှင့် အဖွဲ့သားများ ထံမှသိရသည်။ 

ဖေဖော်ဝါရီလ ၂၇ ရက်၊ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်နေ စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်ဟောင်းဦးသန်းနိုင်ကို မြို့၏တစ်နေရာတွင် ဝင်ရောက်ဖမ်း ဆီးခေါ်ဆောင်ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တိုင်းလွှတ်တော်အကြားတွင် ပစ်သတ်ခဲ့ခြင်းဟုဆိုသည်။ 

“ ကျနော်တို့ကို ပြည်သူများက သတင်းပေးတိုင်ကြားတဲ့အတွက် စောင့်ကြည့် ခဲ့တာအချိန် တစ်ခုကြာခဲ့ပါပြီ။ သူက သတင်းပေး၊ ထောက်ပို့တင်မကဘူး။ စစ်ကြောင်းတွေနဲ့ပါလိုက်တယ်ဆိုတဲ့ သက်သေ အထောက်အထားတွေ ကျနော်တို့ ရထားခဲ့တဲ့အတွက် အခုလိုရှင်းလင်းခဲ့တာပါ ” ဟု ဗန္ဓုလနှင့်အဖွဲ့သားများတပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကပြောသည်။ 

သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ပြီး ၎င်းထံမှစစ်မှုထမ်းအဖွဲ့ဝင်ကဒ်၊ ၉ မမ ကျည်ဆန်နှစ်တောင့်၊ လက်ပစ်ဗုံးတစ်လုံးနှင့် ဖုန်းတစ်လုံးသိမ်းဆည်းရခဲ့မိကြောင်း သိရသည်။ 

သေဆုံးသူသည် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တပ်အတွင်းသို့ ရိက္ခာများထောက်ပို့ခြင်း၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ သတင်းများကိုစုံစမ်းသတင်းပေးခဲ့ကြောင်း ဆိုသည်။ 

ထို့အပြင် မုံရွာမြို့အနီးကျေးရွာများသို့ စစ်ကောင်စီတပ်၏စစ်ကြောင်းများတွင် လိုက်ပါဆောင်ရွက်နေသည်ကို အချိန်ကြာမြင့်စွာစောင့်ကြည့် အတည်ပြုခဲ့ပြီးနောက် ရှင်းလင်းခဲ့ ခြင်းဟု သိရသည်။ 

ဒုတပ်ကြပ်သန်းနိုင် အသတ်ခံရပြီးနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ၎င်း မိသားစုဝင် သားနှစ်ယောက် သမီးတစ်ယောက်နှင့် ဇနီးအား တပ်အတွင်း သို့ လာရောက်ခေါ်ဆောင်သွားကြောင်း ပြန်ကြားရေးတာဝန်ခံမှပြောသည်။ 

အဆိုပါ ရှင်းလင်းမှုကို မုံရွာ - ဗန္ဓုလနှင့် အဖွဲ့သားများ အဖွဲ့ ၊ Black Falcom မြို့တွင်း ပြောက်ကျားတပ်ဖွဲ့ ၊ Brave Heart Army – BHA နှင့် Special Force – 11 PDF တို့ မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ 

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။   ။ သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required