အာဖဂန်တွင် အမျိုးသမီးများတော်လှန်ရေးလှုပ်ရှားမှု စတင်

By The Khaama Press
28 February 2023
အာဖဂန်တွင် အမျိုးသမီးများတော်လှန်ရေးလှုပ်ရှားမှု စတင်

အာဖဂန်နစ္စတန်နိုင်ငံတွင် အခြေခံလူ့အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်ရန် ရည်ရွယ်ပြီး တော်လှန်ရေးလှုပ်ရှားမှု စတင်လိုက်ကြောင်း အမျိုးသမီးအဖွဲ့တစ်ဖွဲ့က ဖေဖော်ဝါရီလ ၂၅ ရက်က ကြေညာလိုက်သည်။

အခြေခံအခွင့်အရေးများ ရရှိရေးသည် နိုင်ငံသားများအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်သောကြောင့် အဆိုပါ လှုပ်ရှားမှုသည် နိုင်ငံသားများ အထူးသဖြင့် အမျိုးသမီးများ၏ အခြေခံအခွင့်အရေးများကို ကာကွယ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း စီစဉ်သူတစ်ဦးဖြစ်သည့် ဒွန်ညာဆာဖီက ပြောကြားခဲ့သည်။ အမျိုးသမီးများအပေါ် မတရားမှုနှင့် မမျှတမှုများကို တိုက်ဖျက်ရန် ယင်းလှုပ်ရှားမှုကို စတင်ခြင်းဖြစ်ကြောင်း Amu TV သတင်းတွင် ဖော်ပြခဲ့သည်။ 

အဆိုပါ လှုပ်ရှားမှုကို ထောက်ခံသူများတွင် ကျောင်းသူများ၊ ဆရာမများ၊ အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်နေသည့် အစိုးရဝန်ထမ်းဟောင်းများ ပါဝင်သည်။
အာဖဂန်နစ္စတန်၌ ၂၀၂၁ ခုနှစ်တွင် တာလီဘန်အဖွဲ့ အာဏာပြန်ရလာပြီးနောက် ၎င်း၏ ဦးဆောင်မှုကြောင့် ဆုတ်ယုတ်မှုများစွာ ဖြစ်ပေါ်ခဲ့သည့်အတွက် အာဖဂန်မိန်းကလေးများနှင့် အမျိုးသမီးများသည် ကျောင်းတက်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်နှင့် အများပြည်သူဆိုင်ရာ နေရာများသို့ သွားရောက်ခွင့် ဆုံးရှုံးခဲ့ရသည်။

ထို့ပြင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကတည်းက အာဖဂန်နစ္စတန်နိုင်ငံရှိ အကူအညီပေးရေးအဖွဲ့အစည်းတွင် လုပ်ကိုင်နေသည့် အမျိုးသမီးများကို အလုပ်လုပ်ကိုင်ခွင့် ပိတ်ပင်လိုက်ခြင်းကြောင့် နိုင်ငံတွင်း လူသားချင်းစာနာမှုဆိုင်ရာ အစီအစဉ်များကို ထပ်မံ အခက်ကြုံစေခဲ့သည်။

ထို့ပြင် အာဖဂန်ရှိ လူပေါင်း ၂၈ သန်းသည် ၂၀၂၃ ခုနှစ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လာနိုင်ပြီး လူဦးရေထက်ဝက်သည် ဆိုးရွားသော ငတ်မွတ်ခေါင်းပါးမှုကို ကြုံတွေ့ရနိုင်ကြောင်း နိုင်ငံတကာအဖွဲ့အစည်းများကထုတ်ပြန်သည့် အစီရင်ခံစာများတွင် ဖော်ပြထားသည်။ 

နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများနှင့် နိုင်ငံသားများ၏ ဆန့်ကျင်ကန့်ကွက်မှုများ ကြုံတွေ့နေရသော်လည်း အမျိုးသမီးများအပေါ် အလုပ်အကိုင်နှင့် ပညာရေးဆိုင်ရာ ကန့်သတ်ချက်အမိန့်ကို ပြောင်းလဲပြင်ဆင်ခြင်း မရှိသေးပေ။ 

လူ့အဖွဲ့အစည်းသည် အမျိုးသမီးများ၏ ပံ့ပိုးကူညီမှုဖြင့်သာ တိုးတက်နိုင်သည်ဟု အဆိုပါ လှုပ်ရှားမှုက ဆိုသည်။ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် အမျိုးသမီးများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသော်လည်း လက်ရှိ တာလီဘန်အစိုးရတွင် အမျိုးသမီးများ ပါဝင်ခွင့် မရပေ။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly