ဝေါမြို့နယ် စစ်ဆေးရေးဂိတ်ကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက် 

By YT  မဇ္ဈိမ
27 February 2023
ဝေါမြို့နယ် စစ်ဆေးရေးဂိတ်ကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက် 

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ဘုရားပျိုကျေးရွာ အထွက်ရှိ စစ်ဆေးရေးဂိတ်တစ်ခုအား ဝေါမြို့နယ် PDF မှ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

စစ်တောင်းတံတားမှ ဝေါမြို့နယ်သို့အဝင်၊ ဘုရားပျိုကျေးရွာအထွက်ရှိ စစ်ဆေးရေးဂိတ်အား တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ဂိတ်အတွင်းလုံခြုံရေးယူထားသော  ရဲနှင့်စစ်သားများမှ နှစ်မိနစ်ခန့် ပြန်လည်ပစ်ခတ်ခဲ့ ကြောင်း ရန်သူ့ဘက်မှ အထိအခိုက်၊အကျအဆုံးရှိပြီး ဒဏ်ရာရသူများအား မြို့နယ်တွင်းရှိ လူမှုကယ်ဆယ် ရေးအသင်းတစ်ခုက ရန်ကုန်ဆေးရုံကြီးသို့ ညတွင်းချင်းပို့ဆောင်ခဲ့ကြောင်း ဝေါမြို့နယ် PDF တာဝန်ရှိသူ တစ်ဦးကပြောသည်။

“ဆယ်အိမ်မှူးတစ်ယောက်၊ မီးသတ်တစ်ယောက် ကျသွားတယ်။ တပ်ကြပ်တစ်ယောက်၊ နယ်ထိန်း တစ် ယောက်၊ ပျူစောထီးနှစ်ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရ၊ ကျဆုံးသူတွေကို ခိုင်မာတဲ့သတင်းအရင်းမြစ် ကနေ အတည်ပြုထားပါတယ်” ဟု ဝေါ PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုစစ်ဆင်ရေးအား ဝေါမြို့နယ် PDF အဖွဲ့မှ ဆိုင်ကယ်နှစ်စီး၊ လူလေးဦးဖြင့် တိုက်စစ်ဆင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ဘေးကင်းစွာ ပြန်ရောက်ခဲ့ကြောင်း သိရသည်။

ယခု တိုက်ခိုက်ခံရသောဂိတ်သည် မွန်ပြည်နယ်မှ ပဲခူးတိုင်းသို့ ဝင်ရောက်လာသော မှောင်ခိုပစ္စည်းများ အား ငွေကြေးအဆမတန်ကောက်ခံသောဂိတ်ဖြစ်ကြောင်း သိရသည်။

ဝေါမြို့နယ် PDF တပ်ဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က ဝေါမြို့နယ် မြစ်ကျိုးနယ်မြေရဲစခန်း နှင့် လက်ပန်ရွာအုပ်ချုပ်ရေးမှူးရုံးတို့အား ဒရုန်း( Drone) ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly