ထန်တလန်မြို့တိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦး ကျဆုံး

By ပါခွီး
26 February 2023
ထန်တလန်မြို့တိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦး ကျဆုံး

ချင်းပြည်နယ် ၊ ထန်တလန်မြို့တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ရက်က ဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်နှင့်တိုက်ပွဲအတွင်း ချင်းအမျိုးသားတပ်မတော် (CNA)ရဲဘော်တစ်ဦးနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) (CDF – Thantlang)ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်းသိရသည်။ 

အင်အား ၇၀ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့များက ၎င်းတို့ တပ်စွဲထားသည့်နေရာမှ ထန်တလန်မြို့အတွင်းသို့ ဆင်းလာသည့်အတွက် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု CNAပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကိုပြောသည်။ကျဆုံးခဲ့သော ရဲဘော်နှစ်ဦးမှာ CNA တပ်ဖွဲ့မှ Salai Zakhariah နှင့် CDF – Thantlang မှ Salai Lian Bawi တို့ဖြစ်ကြောင်းသိရသည်။ 
“စစ်ကောင်စီတပ်က လေကြောင်းကနေလည်း ဗုံးကြဲတယ်။ တပ်ကုန်းကနေဆင်းလာတဲ့အတွက်တိုက်ပွဲဖြစ်ခဲ့တာပါ။ ကျနော်တို့ဖက်က ဒရုန်းနဲ့ ဗုံးချပြီးပြန်တိုက်ခဲ့တဲ့အတွက် သူတို့ရဲ လက်နက်ကြီးတစ်လက်ပျက်စီးသွားတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။ 

စစ်ကောင်စီတပ်ဖွဲ့သည် မြေပြင်ထိုးစစ်အပြင် ဂျက်တိုက်လေယာဉ်ဖြင့် မနက် ၄နာရီ ၊ ၇နာရီနှင့် ၈နာရီ တို့တွင် စုစုပေါင်း ၁၃ကြိမ် ချင်းတပ်ဖွဲ့များ ရှိမည့်ထင်သည့်နေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ထို့အပြင် စစ်ကောင်စီက ဟားခါးမြို့ဘက်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၈ရက် ညက ထန်တလန်မြို့ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်‌ရေးမှုးရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို CNA နှင့် CDF – Thantlang တို့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်မျိုးစုံ ၄၀ကျော်နှင့် ခဲယမ်းများသိမ်းယူခဲ့သည်။ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ချင်းတပ်ဖွဲ့များအား  လေကြောင်းမှ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - မောင်ကြီး 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required