ဒီမော့ဆိုမြို့နယ်ရှိ CDM ဆရာ ဆရာမ ၈၀ဦးအတွက် ကျေးလက်မြေအဖွဲ့က သိန်း ၁၆၀ ထောက်ပံ့

ဒီမော့ဆိုမြို့နယ်ရှိ CDM ဆရာ ဆရာမ ၈၀ဦးအတွက် ကျေးလက်မြေအဖွဲ့က သိန်း ၁၆၀ ထောက်ပံ့

မဇ္ဈိမ။     ။ ကရင်နီပြည်နယ်(ကယားပြည်နယ်) ဒီးမော့ဆို မြို့နယ်ရှိ CDM ဆရာ၊ ဆရာမ ၈၀ ဦးအတွက် တစ်ဦးလျှင် ကျပ် ၂၀၀,၀၀၀ နှုန်းဖြင့် ငွေကျပ်သိန်း ၁၆၀ ကို ကျေးလက်မြေအဖွဲ့က ယနေ့ဖေဖော်ဝါရီ လ ၂၄ရက်နေ့တွင် ဆက်သွယ်ထောက်ပံ့ပေးခဲ့ကြောင်း ကျေးလက်မြေအဖွဲ့၏ နာယကဖြစ်သူ ဦးဇော်မင်းထိုက်က ပြောသည်။

“CDM လုပ်ပြီး လက်ရှိကလေးတွေကို စာသင်ပေးနေတဲ့ ဆရာ ၊ဆရာမတွေပါပဲ၊ NUG နဲ့ ချိတ်ဆက်ထားတဲ့ ကျောင်းတွေက ပါသလို ချိတ်ဆက်နေဆဲ ကျောင်းတွေက ဆရာ၊ ဆရာမတွေလည်း ပါတယ်၊ အားလုံးက CDM တွေပါပဲ “ ဟု ၎င်းက ပြောသည်။

ကျေးလက်မြေအဖွဲ့အနေဖြင့်  CDM ဆရာ၊ ဆရာမများကို ငွေကြေးထောက်ပံ့ပေးသည့်အပြင် လွတ်လပ်စွာယုံကြည် ကိုးကွယ်မှုနှင့်ပတ်သက်၍ ကျောင်းသင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းသင်ကြား နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို သုံးရက်ကြာ ကျင်းပခဲ့ကြောင်း ကျေးလက်မြေအဖွဲ့မှ ဒါရိုက်တာမမူစဲက ပြောသည်။

ထို့အပြင် ထောက်ပံ့‌ငွေရရှိခြင်းနှင့်ပတ်သက်၍လည်း “ကျမတို့ CDM လုပ်လာတာ နှစ်နှစ်ရှိပြီ။ ရှေ့ပိုင်းမှာ ဆရာသမဂ္ဂက ထောက်ပံ့တာရဖူးတယ်၊ တစ်ခါထောက်ပံ့ရင် ငါးသောင်း ထောက်ပံ့ပေးတယ် အခုကျေးလက်မြေကနေ ကျမတို့ကို မွမ်းမံသင်တန်းပေးပြီးတော့ နှစ်သိန်းထောက်ပံ့တယ်။ အရမ်းပီတိဖြစ်မိပါတယ်။ ကျမတို့အပြင် CDM တွေ အများကြီးရှိသေးတယ်ပေါ့နော်၊ အဲ့တော့ နောက်ထပ်အခါတွေကျရင် မရသေးတဲ့ CDM ဝန်ထမ်းတွေကို လှူဒါန်းပေးစေချင်ပါတယ်” ဟု CDMဆရာမ တစ်ဦးက ပြောသည်။

ကျေးလက်မြေအဖွဲ့သည် ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက်လည်း အစားအသောက်လှူဒါန်းခြင်း၊ သောက်သုံးရေ လှူဒါန်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း အဖွဲ့ ၏နာယကဖြစ်သူ ဦးဇော်မင်းထိုက်က ပြောသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required