တရုတ်ရဟတ်ယာဉ် သင်္ဘောအနီး ချဉ်းကပ်ပျံသန်းလာခြင်းအပေါ် ဂျပန်ပြစ်တင်ရှုတ်ချ 

By ANI
24 February 2023
တရုတ်ရဟတ်ယာဉ် သင်္ဘောအနီး ချဉ်းကပ်ပျံသန်းလာခြင်းအပေါ် ဂျပန်ပြစ်တင်ရှုတ်ချ 

အရှေ့တရုတ်ပင်လယ်ရှိ ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်အတွင်းတွင် သုတေသနသင်္ဘောအနီးသို့ တရုတ် ရေတပ်သုံး ရဟတ်ယာဉ် ချဉ်းကပ်လာခြင်းသည် မလိုလားအပ်သော လုပ်ရပ် ဖြစ်ပြီး   အလားတူကိစ္စမျိုး ထပ်မလုပ်ရန် တရုတ်ကို သတိပေးခဲ့ကြောင်း Kyodo News က ဖော်ပြသည်။

အရှေ့တရုတ်ပင်လယ်ရှိ ဂျပန်နိုင်ငံ၏ သီးသန့်စီးပွားရေးဇုန်အတွင်းရှိ သုတေသန သင်္ဘောအနီးသို့ တရုတ်ရေတပ်သုံး ရဟတ်ယာဉ် ၁ စင်းသည် ချဉ်းကပ်လာခဲ့ကြောင်း ဂျပန်ငါးလုပ်ငန်းအေဂျင်စီများက ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တွင် ပြောကြားခဲ့သည်။

ငါးလုပ်ငန်းသုတေသနနှင့် ပညာပေးအေဂျင်စီ၏ ယိုကိုမာယု သင်္ဘောနောက်မှ လိုက်ပါလာသည့် ရဟတ်ယာဉ်သည် ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၁၀ နာရီ ၄၇ မိနစ်ခန့်တွင် အိုကီနာဝါစီရင်စု၏ အနောက်မြောက်ဘက်ရေပြင်အထက် မီတာ ၃၀ ကျော် အမြင့်တွင်ပျံသန်းကာ  ဂျပန်သင်္ဘောမှ မီတာ ၁၅၀ မှ ၂၀၀ မီတာ အကွာအထိ ချဉ်းကပ်လာခဲ့ကြောင်း ငါးလုပ်ငန်းအေဂျင်စီက ထုတ်ပြန်သည်။

အဆိုပါ ဂျပန်သင်္ဘောသည် ဂျပန်ကမ်းရိုးတန်းမှ ကီလိုမီတာ ၃၇၀ ခန့်အကွာရှိ သီးသန့်စီးပွားရေးဇုန်တွင် ငါးဖမ်းလုပ်ငန်းဆိုင်ရာ အရင်းအမြစ်များကို သုတေသနပြုလုပ်နေစဉ် ထိုသို့ တရုတ်ရဟတ်ယာဉ်၏ချဉ်းကပ်မှုကို ခံခဲ့ရကြောင်း Kyodo News က ဖော်ပြခဲ့သည်။

နိုင်ငံတိုင်းသည် ကုလသမဂ္ဂပင်လယ်ဥပဒေဆိုင်ရာ သဘောတူစာချုပ်အရ ၎င်းတို့၏ သီးသန့်စီးပွားရေးဇုန်အတွင်းတွင်  သဘာဝသယံဇာတများကို ရှာဖွေပြီး ကျွန်းများတည်ဆောက်နိုင်ကာ ငါးဖမ်းခြင်းကဲ့သို့သော ပြဿနာများနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် ပြည်တွင်းဥပဒေကို ကျင့်သုံးနိုင်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly