အမေရိကန်သမ္မတ ယူကရိန်းသို့သွားစဉ် တရုတ်ထိပ်တန်းသံတမန်က ရုရှားသို့ ရောက်ရှိ

By CNN
24 February 2023
အမေရိကန်သမ္မတ ယူကရိန်းသို့သွားစဉ် တရုတ်ထိပ်တန်းသံတမန်က ရုရှားသို့ ရောက်ရှိ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မဟာမိတ်ဖြစ်သော ယူကရိန်းသမ္မတ ဗိုလော့ဒီးမား ဇယ်လန်းစကီးနှင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ဆုံစဉ်   တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန်တစ်ဦးကလည်း ရုရှားသို့ ရောက်ရှိခဲ့သည်။  

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်၏ ထိပ်တန်းနိုင်ငံခြားရေးမူဝါဒ အကြံပေးအဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည့် ဝမ်ယိ သည် ၈ ရက်ကြာ ဥရောပခရီးစဉ်၏ နောက်ဆုံးအဖြစ် ယခုသီတင်းပတ်အတွင်း မော်စကိုမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ရက်စက်ကြမ်းကြုတ်သော ရုရှားကျူးကျော် စစ်ပွဲ၏ နှစ်ပတ်လည်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မတိုင်မီ ရက်ပိုင်းအလိုတွင် ပေါ်ပေါက်လာသော ခရီးစဉ် ၂ ခု၏ ဆက်နွှယ်မှုများသည် ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြား သိသာထင်ရှားလာသော ပထဝီဝင်နိုင်ငံရေးဆိုင်ရာ အက်ကြောင်းများကို ဖော်ပြနေသည်။

အမေရိကန်နှင့် မဟာမိတ်များသည် ယူကရိန်းအား ထောက်ခံအားပေးပြီး စစ်ရေးအကူအညီများ တိုးမြှင့်နေချိန်၌ တရုတ်သည် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းသူအဖြစ် ဥရောပက လက်ခံလာအောင် ပြုလုပ်နေသော်လည်း ရုရှားနှင့်၎င်း၏ နက်နဲသောဆက်ဆံရေးက အနောက်နိုင်ငံများအား စိုးရိမ်မှု မြင့်တက်စေခဲ့သည်။ 

ရုရှားကျူးကျော်စစ် နှစ်ပတ်လည် ရောက်ခါနီးတွင် ဝမ်ယိက  ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးအရဖြေရှင်းမှုနှင့်ပတ်သက်၍ ၎င်းတို့၏အကြံပြုချက်များ ထုတ်ပြန်မည့်အစီအစဉ်ကိုလည်း ကြေညာထားသည်။  
သို့သော် တရုတ်က ရုရှားအား စစ်ပွဲတွင် ကူညီထောက်ပံ့မှုများ ရှိ မရှိကို  အနီးကပ် စောင့်ကြည့်နေသည့် အနောက်နိုင်ငံခေါင်းဆောင်အချို့က တရုတ်၏ ရေရေရာရာဖော်ပြထားခြင်းမရှိသော အဆိုပြုချက်ကို သံသယရှိနေကြသည်။

တရုတ်သည် ရုရှားစစ်တပ်သို့ သေစေလောက်သော စစ်လက်နက်များ ပံ့ပိုးကူညီမှုဖြင့် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးစားနေသည်ဟု အမေရိကန်အရာရှိများက ပြောကြားလိုက်ချိန်တွင် ထိုသံသယများမှာ ပိုမိုဆိုးရွားလာသည်။  

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မြူးနစ်ညီလာခံ၏ ပူးတွဲအစည်းအဝေးအဖြစ် ဝမ်ယိနှင့် တွေ့ဆုံချိန်၌ တရုတ်အနေဖြင့် ရုရှားအား ပစ္စည်းများထောက်ပံ့ပါက ဂယက်ရိုက်ခတ်မှုနှင့်အကျိုးဆက်များ ရှိလာနိုင်ကြောင်း သတိပေးခဲ့သည်။
ရုရှားအပေါ်  တရုတ်ထောက်ခံမှုများသည် မကြာသေးမီလများအတွင်း အားပျော့လာပြီး နှစ်စဉ်ကုန်သွယ်မှု၊ သံတမန်ဆက်ဆံရေးနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအစီအစဉ်တို့ဖြင့် ဆန်းစစ်ကြည့်ပါက ရှရှားအား ထောက်ခံမှုသည် ပြီးခဲ့သောနှစ်များက ပိုမိုအားကောင်းကြောင်း တွေ့ရသည်။ 

ဝမ်ယိသည် ဥရောပခရီးစဉ်အတွင်း နှစ်လိုဖွယ်ကောင်းသော ကတိများစွာ ပေးကောင်းပေးခဲ့နိုင်သော်လည်း ပူတင်နှင့် တွေ့ဆုံသည့်အခါ ထိုသတင်းစကားကိုပါးခြင်း ရှိ မရှိမှာ မေးခွန်းထုတ်စရာဖြစ်သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly