လူမဲ့သပိတ်အား ဖြုတ်သိမ်းရန် ဆိုင်ကယ်မောင်းလာသည့် စရဖ တပ်ဖွဲ့ဝင်က ရပ်ထားသည့်ကားကို ဝင်တိုက်ပြီးသေဆုံး

By မင်းထက်
24 February 2023
လူမဲ့သပိတ်အား ဖြုတ်သိမ်းရန် ဆိုင်ကယ်မောင်းလာသည့် စရဖ တပ်ဖွဲ့ဝင်က ရပ်ထားသည့်ကားကို ဝင်တိုက်ပြီးသေဆုံး

မဇ္စျိမ။  ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်အချိန်က စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ဝင်တစ်ဦးသည် ရပ်ထားသည့် ၁၀ ဘီးကားကို ဝင်တိုက်ပြီး သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။

သေဆုံးခဲ့သူမှာ ကြံခင်းမြို့နယ်(စရဖ) ရုံးမှ အသက် ၂၆ နှစ်အရွယ် ဦးကျော်ဇင်ဝင်း ဆိုသူဖြစ်သည်ဟု သိရသည်။

ဦးကျော်ဇင်ဝင်းသည် ယနေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းမကြီးဘေး ကံဆယ်ရွာနှင့် ရှောက်ခုံရွာကြားတွင် စင်္ကြာဝတေးမင်းကြီးသပိတ်အဖွဲ့က ပြုလုပ်ထားသည့် အာရုဏ်ဦး လူမဲ့သပိတ်အား ဖြုတ်သိမ်းရန်လာစဥ် ယာဥ်တိုက်မှုဖြစ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

"လူမဲ့သပိတ်ကိုတားဖို့ မြန်အောင်ဘက်ကနေ အုတ်ပုံဂိတ်ဘက်ကို ဆိုင်ကယ်နဲ့တအားမောင်းပြန်လာတာမှာ မြို့ရှောင်လမ်းမှာ ရပ်ထားတဲ့ ကုန်တင်ကားကို ဝင်တိုက်မိပြီး ပွဲချင်းပြီးသေသွားတာပါ။ လူမဲ့သပိတ်က အုတ်ပုံဂိတ်နဲ့ တစ်မိုင်ကျော်လောက်ပဲဝေးတယ်။ ဘယ်လိုတိုက်လဲတော့ မသိဘူး ဆိုင်ကယ်က ကားအောက်ကို တစ်ဝက်လောက်ဝင်သွားတယ်လို့ သိရတယ်"ဟု ဒေသခံက‌ ပြောသည်။

သေဆုံးသူ ဦးကျော်ဇင်ဝင်းသည် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ဇာတိဖြစ်သည်ဟုသိရပြီး ၊ကြံခင်း(စရဖ)ရုံးတွင် တာဝန်ကျနေသူဖြစ်ကြောင်း၊ ကြံခင်းမြို့နယ် အုတ်ပုံစစ်ဆေးရေးဂိတ်တွင် ဒေသခံများထံမှ မတရားငွေကြေးတောင်းယူမှုများ နေ့စဥ်ပြုလုပ်နေသူဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် သေဆုံးသူ ဦးကျော်ဇင်ဝင်းဆိုသူ၏ ရုပ်အလောင်အား ၎င်း၏ ဇာတိဖြစ်သည့် မအူပင်မြို့သို့ သယ်ဆောင်သွားပြီဖြစ်သည်ဟု ဒေသခံများကပြောသည်။

ယနေ့ နံနက်ပိုင်းအချိန်က လူမဲ့သပိတ်ပြုလုပ်ခဲ့သည့်စင်္ကြာဝတေးမင်းကြီး သပိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှုသည် စင်္ကြာဝတေးမင်းကြီး သပိတ်အဖွဲ့၏ ခြောက်ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟု သိရသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly