တရုတ်၏ ခြိမ်းခြောက်မှုကြုံတွေ့နေရသည့် ထိုင်ဝမ်အား ပံ့ပိုးကူညီကြရန် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း  တောင်းဆို

By   BBC
24 February 2023
တရုတ်၏ ခြိမ်းခြောက်မှုကြုံတွေ့နေရသည့် ထိုင်ဝမ်အား ပံ့ပိုးကူညီကြရန် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း  တောင်းဆို

တရုတ်၏ ခြိမ်းခြောက်မှုများကို တိုက်ဖျက်ရေးအတွက် ထိုင်ဝမ်နှင့်ဆက်ဆံရေး တိုးမြှင့်ကြရန် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း လစ်ထရက်စ်က လာမည့်မေလတွင် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့၌ ကျင်းပမည့် ဂျီ-၇ ထိပ်သီးအစည်းအဝေး မတိုင်မီ တောင်းဆိုလိုက်သည်။ 

ထိုင်ဝမ်ကို စစ်ရေးအရ ရန်စခြင်းသည် မဟာဗျူဟာ အမှားတစ်ခု ဖြစ်လာမည်ဟု တရုတ်ထံ သတင်းစကားပါးရန် လစ်ထရက်စ်က တိုကျိုမြို့တွင် မိန့်ခွန်းပြောကြားစဉ်အတွင်း တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ 

ယင်းတိုက်တွန်းချက်မှာ အောက်တိုဘာလတွင် ရာထူးမှ နုတ်ထွက်ပြီးနောက်ပိုင်း လစ်ထရက်စ်က အများပြည်သူသို့ ပထမဆုံး ပြောကြားသည့် မိန့်ခွန်း ဖြစ်သည်။
သူမ၏နေရာကို ဆက်ခံသူ ရီရှီဆူးနက်ကလည်း တရုတ်နိုင်ငံကို ခိုင်မာပြီး လက်တွေ့ကျသောမူဝါဒဖြင့် ကိုင်တွယ်သင့်သည်ဟု ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း လစ်ထရက်စ်က ထိုင်ဝမ်ကို အထောက်အကူပေးရန် မူဝါဒရေးရာအကြံပြုချက် အများအပြားကို နိုင်ငံများအား တင်ပြခဲ့သည်။ အဆိုပါ အကြံပြုချက်များတွင် အရေးကြီးသော လုပ်ငန်းနယ်ပယ်များတွင် တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကို လျှော့ချရေး၊ ထိုင်ဝမ်နှင့် စီးပွားရေးအရ ဆက်ဆံမှုများ တိုးမြှင့်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို နိုင်ငံတကာအဖွဲ့အစည်းများသို့ ဝင်ရောက်ခွင့်ပြုခြင်းရေး ပါဝင်သည်။ 

ထိုင်ဝမ်အနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်နိုင်ရန်နှင့် နေတိုး(NATO)အဖွဲ့နှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် သာလွန်ကောင်းမွန်သည့် ပစိဖိတ်ကာကွယ်ရေးမဟာမိတ်ဖွဲ့ကြရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။
ထိုင်ဝမ်၏ အဆင့်အတန်းကို မြှင့်တင်ရန် နိုင်ငံများအနေဖြင့် နည်းလမ်းရှာသင့်ကြောင်း လစ်ထရက်စ်က ထပ်မံ အကြံပြုခဲ့သည်။

လစ်ထရက်စ်၏ ပြောကြားချက်များနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက "မိန့်ခွန်းကို နားမထောင်ရသေးပါဘူး။ ဒါပေမယ့် တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လိမ်လည်ပုံဖျက်တာကိုတော့ ကန့်ကွက်ပါတယ်” ဟု ပြောကြားခဲ့သည်။ 

"ထိုင်ဝမ်အရေးက တရုတ်ပြည်တွင်းရေးဖြစ်ပါတယ်။ တရုတ်နိုင်ငံက စီးပွားရေးအရ အကျပ်ကိုင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိပါဘူး” ဟု ဝမ်ဝေဘင်းက တုံ့ပြန်ခဲ့သည်။

တရုတ်နှင့် ရင်းနှီးသော ဆက်ဆံရေးရရှိရန် ကြိုးပမ်းခဲ့သည့် ဗြိတိန်၏ ယခင်ချဉ်းကပ်မှုမှာ မှားယွင်းပြီး ဝီဂါထိန်းသိမ်းရေးစခန်းများနှင့် ဟောင်ကောင်တွင် တစ်နိုင်ငံ၊ စနစ်နှစ်မျိုးမူဝါဒကို သိက္ခာမဲ့ဖြိုခွင်းခြင်း အပါအဝင် သတိထားရမည့်အချက်များကို ဗြိတိန်က မသိကျိုးကျွံပြုခဲ့ကြောင်း လစ်ထရက်စ်က ပြောကြားခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly