ထိုင်ဝမ်ပဋိပက္ခကို မလိုလားကြောင်း နိုင်ငံအားလုံးက တရုတ်ကို သတိပေးသင့်ဟု အမေရိကန် ပြောကြား

By Reuters 
23 February 2023
ထိုင်ဝမ်ပဋိပက္ခကို မလိုလားကြောင်း နိုင်ငံအားလုံးက တရုတ်ကို သတိပေးသင့်ဟု အမေရိကန် ပြောကြား

ထိုင်ဝမ်သို့ အမေရိကန်လွှတ်တော်အမတ်များ သွားရောက်ခြင်းကို စစ်ရေးအကြောင်းပြချက်အဖြစ် တရုတ်က အသုံးမချသင့်ကြောင်းနှင့် နိုင်ငံအားလုံးသည် ထိုင်ဝမ်ပဋိပက္ခနှင့်ပတ်သက်၍ တရုတ်ကို သတိပေးသင့်ကြောင်း အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမန်းက ဖေဖော်ဝါရီလ ၁၅ ရက်တွင် ပြောသည်။

တရုတ်က ပိုင်နက်အဖြစ် တောင်းဆိုထားသည့် ဒီမိုကရေစီနည်းကျ အုပ်ချုပ်သော ထိုင်ဝမ်သို့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပလိုစီ၏ ၂၀၂၂ ခုနှစ် သြဂုတ်လခရီးစဉ်နောက်ပိုင်း အမေရိကန်နှင့် တရုတ်ဆက်ဆံရေး တင်းမာသွားခဲ့သည်။

ထိုအချိန်မှစ၍ အမေရိကန်လွှတ်တော်အမတ်များ တစ်သုတ်ပြီးတစ်သုတ် ထိုင်ဝမ်သို့ ရောက်ရှိခဲ့ပြီး ဇန်နဝါရီ လတွင် အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ယူခဲ့သည့် ရီပတ်ဘလီကန်ကိုယ်စားလှယ် ကယ်ဗင်မက် ကာသီသည် နွေဦး သို့မဟုတ် နွေရာသီတွင် ထိုင်ဝမ်သို့ လာရောက်နိုင်သည်ဟူသော ထင်ကြေးပေးမှုများရှိနေသည်။

အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး ဝမ်ဒီရှားမန်းက တရုတ်တစ်နိုင်ငံတည်းမူဝါဒအောက်၌ ထိုင်ဝမ်နှင့် ၎င်း၏ မိမိကိုယ်ကိုခုခံပိုင်ခွင့်စွမ်းရည်ကို ထောက်ပံ့ပေးသွားရန် အမေရိကန်က ကတိပြုထားကြောင်း ဘရွက်ကလင်းပညာရှင်အဖွဲ့က ပြုလုပ်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

"တရုတ်က ကွန်ဂရက်အမတ်တစ်ဦးရဲ့ ထိုင်ဝမ်ခရီးစဉ်ကို စစ်ရေးအကြောင်းပြချက်အဖြစ် အသုံးမချဖို့ ကျွန်မ မျှော်လင့်ပါတယ်" ဟု ရှားမန်းက ဆိုသည်။

နန်စီပလိုစီ၏ ခရီးစဉ်ကြောင့် တရုတ်က ထိုင်ဝမ်အနီးတစ်ဝိုက် စစ်ရေးလေ့ကျင့်မှုကို အရှိန်မြှင့်ခဲ့သည်။ အမေရိ ကန် ဝေဟင်ပိုင်နက်ကိုဖြတ်ပြီး ပျံသန်းနေသည့် တရုတ်သူလျှိုမိုးပျံပူဖောင်းကို အမေရိကန်စစ်တပ်က ပစ်ချ ခဲ့ပြီးနောက် အမေရိကန်နှင့် တရုတ်ကြား ဆက်ဆံရေး ပိုမိုဆိုးရွားလာခဲ့သည်။ 

“နိုင်ငံတိုင်းက တရုတ်ကို ပြောဖို့ တိုက်တွန်းချင်ပါတယ်။ ပဋိပက္ခဟာ ပြည်သူတွေနဲ့ တိုင်းပြည်ကို ထိခိုက်စေပါတယ်။ ဒါက အကြံကောင်း မဟုတ်ပါဘူး" ဟု ဝင်ဒီရှားမန်းက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly