မြောက်ဒါကိုတာတွင် တည်ဆောက်မည့် တရုတ်ပြောင်းဖူးစက်ရုံကို အမေရိကန်လေတပ် ကန့်ကွက်

By Business-Standard
23 February 2023
မြောက်ဒါကိုတာတွင် တည်ဆောက်မည့် တရုတ်ပြောင်းဖူးစက်ရုံကို အမေရိကန်လေတပ် ကန့်ကွက်

ဂရမ်းဖို့ခ်လေတပ်အခြေစိုက်စခန်းအနီးတွင် တရုတ်ကုမ္ပဏီတစ်ခု၏ ပြောင်းဖူးအစိုကြိတ်ခွဲစက်ရုံ တည်ဆောက်မည့် စီမံကိန်းက နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နိုင်ကြောင်း အမေရိကန်လေတပ်က မြောက်ဒါကိုတာ ခေါင်းဆောင်များအား အကြောင်းကြားခဲ့သဖြင့် စီးပွားရေးအခွင့်အလမ်းအဖြစ် တစ်ချိန်က အမွှမ်းတင်ထားသည့် စီမံကိန်းကို မြို့တော်အရာရှိများက ရပ်ဆိုင်းရမည့်ပုံပေါ်နေသည်။

သူလျှိုလုပ်မှုခံရနိုင်ကြောင်း ဒေသခံများက စိုးရိမ်နေသည့် ဂရမ်းဖို့ခ်လေတပ်အခြေစိုက်စခန်းမှ ၁၂ မိုင် အကွာတွင် Fufeng Group က အမေရိကန် ဒေါ်လာ သန်း ၇၀ဝ ရင်းနှီးမြှုပ်နှံကာ စက်ရုံတည်ဆောက်ရန် စီစဉ်ထားသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး ဒို့ဘာဂမ်၊ အမေရိကန် အမတ် ဂျွန်ဟိုအီးဗန်၊  ကယ်ဗင်ခရာမာနှင့် ရီပတ်ဘလီကန်များက  လုံခြုံရေးအန္တရာယ် သုံးသပ်မှုကို အလျင်အမြန် ပြုလုပ်ရန် ဇူလိုင်လက အစိုးရအား ဖိအားပေးခဲ့သည်။
လုံခြုံရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ တင်းမာမှုများကြောင့် အမေရိကန်-တရုတ် စီးပွားဆက်ဆံရေးမှာ ဆိုးရွားလာခဲ့သည်။

နည်းပညာဆိုင်ရာ တင်ပို့မှုအပေါ် အမေရိကန်ထိန်းချုပ်မှုကိုလည်း တရုတ်က ကုန်သွယ်ရေးချိုးဖောက်မှုအဖြစ် ဖေဖော်ဝါရီလ ၁၃ ရက်က ဝေဖန်ခဲ့သည်။
သူလျှိုလုပ်မည်ကို စိုးရိမ်ခြင်းကြောင့် အမေရိကန်စစ်တပ်သည် တရုတ်ပိုင် TikTok အက်ပ်ကို စစ်ဘက်ဆိုင်ရာ ကိရိယာများတွင် အသုံးပြုခြင်းကို တားမြစ်ခဲ့ပြီး အမေရိကန်ရှိ ပြည်နယ်အစိုးရများ၏ ထက်ဝက်နီးပါးသည် နိုင်ငံပိုင်စက်ပစ္စည်းများတွင် ဗီဒီယိုမျှဝေသည့်လူမှုမီဒီယာ TikTok ကို ပိတ်ပင်ခဲ့သည်။

လေတပ်၏ လက်ထောက်အတွင်းဝန် အင်ဒရူးဟန်တာက ဂျွန်ဟိုအီးဗန်နှင့် ကယ်ဗင်ခရာမာထံသို့ ပေးပို့သော စာတွင် ဂရမ်းဖို့ခ်လေတပ်အခြေစိုက်စခန်းသည် လေတပ်နှင့် အာကာသလှုပ်ရှားမှု ၂ ခုစလုံးအတွက် ဗဟို အချက်အခြာဖြစ်ကြောင်း ရေးသားခဲ့ပြီးနောက် အထက်လွှတ်တော်အမတ်များက ဖေဖော်ဝါရီလ ၁၄ ရက်တွင် ယင်းပေးစာကို ထုတ်ပြန်ခဲ့သည်။

အဆိုပြုထားသော စီမံကိန်းသည် ကျွန်ုပ်တို့၏ ဧရိယာအတွင်း လုပ်ငန်းဆောင်ရွက်မှုများကို ရေတိုနှင့်ရေရှည် အကျိုးသက်ရောက်နိုင်စေမှုများနှင့်အတူ အမျိုးသားလုံခြုံရေးကို သိသိသာသာ ခြိမ်းခြောက်နေကြောင်း ဟန်တာက ရေးသားခဲ့သည်။
ဒေသဆိုင်ရာ အာဏာပိုင်များအနေဖြင့် အရေးယူဆောင်ရွက်ရန် ယင်းအချက်များဖြင့်ပင် လုံလောက်နေပြီဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly