မုံရွာမြို့ ကညန ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးသေဆုံး ဟုဆို 

By MTO  မဇ္ဈိမ
23 February 2023
မုံရွာမြို့ ကညန ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးသေဆုံး ဟုဆို 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် ကားကြီးဝင်းနှင့် မျက်နှာချင်းဆိုင်တွင်တည်ရှိသည့် ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးကို ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ မနက်အစောပိုင်းတွင် ၄၀ မမ လက်နက်ကြီး ဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသွားကြောင်း Golden Eagel Force-Monywa အဖွဲ့ မှ ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောသည်။ 

၎င်းက “ ၂၂ ရက်နေ့ မနက်လေးနာရီလောက်မှာ  ၄၀ မမ လက်နက်ကြီး ခုနစ်ချက်ပစ်ခတ်ခဲ့တယ်၊ စစ်ကောင်စီဘက်က နှစ်ဦး သေတယ်လို့ အတွင်းသတင်းအရသိရတယ်” ဟု ပြောသည်။ ပစ်ခတ်တိုက်ခိုက်ခံလိုက်ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်ကလည်း လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်တွင် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ကြောင်း ဆိုသည်။ 

ဗိုလ်လင်းယုန်က “ သူတို့ထိသွားတော့ သူတို့ဘက်က ၄၀ တွေ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်၊ တစ်ဖက် အနီးဆုံးဂိတ်ကလည်း ၆၀ မမ သုံးလုံးထိ ပြန်ပစ်တာတွေရှိတယ်၊ ကျတော်တို့ဘက်မှာတော့ ထိခိုက်မှု မရှိခဲ့ဘူး “ ဟု ပြောသည်။ 
ယင်းအပြင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ တွင်လည်း မုံရွာမြို့ အမြင့်လမ်းထိပ်ရှိ လူဝင်ကြီးကြပ်ရေးရုံး (လ၀က) ရုံးအဟောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ဗိုလ်လင်းယုန်က ဆက်ပြောသည်။ 
၎င်းက “ လ၀က  ရုံး ကိုတော့ ၄၀ မမ ငါးလုံးပစ်ခတ်ခဲ့တယ်၊ ဒါပေမယ့် စစ်ကောင်စီဘက်မှာ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်” ဟုပြောသည်။ 

စစ်ကောင်စီတပ်များသည် မုံရွာမြို့ပေါ်နေရာများတွင် စစ်ဆေးခြင်း ငွေတောင်းခြင်းများ ပြုလုပ်လေ့ရှိပြီး အရပ်သားများနှင့် ကင်းပတ်ခြင်းများပြုလုပ်လေ့ရှိကာ ယခုကဲ့သို့ တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်တချို့တွင် ကင်းပုန်းဝပ်ခြင်းများပါ ဆောင်ရွက်လာကြောင်း ဗိုလ်လင်းယုန်က ဆိုသည်။ ယခုတိုက်ခိုက်မှုကို Golden Eagle Force-Monywa နှင့်အတူ-Springs Dove -ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့ -သေမင်းတမန် ပြောက်ကြားအဖွဲ့ -5/UG Task Force(မြေအောက်တော်လှန်ရေးအဖွဲ့)တို့နှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required