အမေရိကန်နှင့်တရုတ် တင်းမာမှုများ မြင့်တက်နေချိန် သူလျှိုမိုးပျံပူဖောင်းဖြစ်ရပ်က အံ့အားသင့်စရာ ဆက်ဖြစ်နေ

By CNA
22 February 2023
အမေရိကန်နှင့်တရုတ် တင်းမာမှုများ မြင့်တက်နေချိန် သူလျှိုမိုးပျံပူဖောင်းဖြစ်ရပ်က အံ့အားသင့်စရာ ဆက်ဖြစ်နေ

တရုတ်သူလျှိုမိုးပျံပူဖောင်းများသည် မြောက်ကမ္ဘာခြမ်းတွင် နှစ်ပေါင်းများစွာ သွားလာနေခဲ့ကြောင်းကို အမေရိကန်က ပြီးခဲ့သည့်သီတင်းပတ်က သိရှိခဲ့ပြီး ထုတ်ဖော်ပြောကြားလာသည်။

မီတာ ၆၀ ခန့်အမြင့်ရှိပြီး ၁ တန်ကျော်လေးသော အာရုံခံပစ္စည်းသယ်ဆောင်ထားသည့် တရုတ်မိုးပျံ ပူဖောင်းတစ်လုံးကို မွန်တာနားပြည်နယ်၊ ဘေလင်းမြို့ရှိ ရုံးများနှင့် နေအိမ်များမှ လူများက တွေ့မြင်ပြီးချိန်တွင်  ယင်းပူဖောင်းဖြစ်ရပ်မှာ သိသာထင်ရှားလာခဲ့သည်။

ယင်းတရုတ်မိုးပျံပူဖောင်းသည် တောင်ကယ်ရိုလိုင်းနားကမ်းလွန်တွင် ပစ်ချခံရပြီးနောက် အလာစကာမြောက်ပိုင်း၊ ကနေဒါနိုင်ငံ ယူကွန်နယ်မြေနှင့် မြောက်အမေရိကန်ရှိ Great Lakes ရေကန်ကြီးအထက်တို့တွင် အလားတူ နောက်ထပ်အရာဝတ္ထု ၃ ခုကို တွေ့ရှိခဲ့ပြီး ၎င်းတို့သည် အမေရိကန်နယ်မြေပိုင်နက်အတွင်း ပျံသန်းနေခဲ့ကြသည်။

ယင်းအရာဝတ္ထုများ၏ အမျိုးအစားနှင့် ဇာစ်မြစ်တို့ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အရာဝတ္ထုများသည် ရွေ့ လျားခြင်း သို့မဟုတ် ဆက်သွယ်ချိတ်ဆက်ခြင်းများမရှိကြောင်းနှင့် ဂြိုဟ်သားများ သို့မဟုတ် တခြားကမ္ဘာသားများ၏ လှုပ်ရှားမှု အရိပ်အယောင်လည်း မတွေ့ရကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောသည်။

ယင်းပစ်ချမှုဖြစ်စဉ် ၄ ခုသည် စစ်အေးခေတ်အစောပိုင်းကာလတွင် စတင်တည်ထောင်ခဲ့သည့် အမေရိကန်-ကနေဒါ မြောက်အမေရိကလေကြောင်းကာကွယ်ရေးကွပ်ကဲရေးအဖွဲ့၏ သမိုင်းတွင် ပထမဆုံးဖြစ်သည်။
နောက်ထပ် တရုတ်သူလျှိုမိုးပျံပူဖောင်းတစ်ခုမှာလည်း ကော်စတာရီကာ၊ ကိုလံဘီယာနှင့် ဗင်နီဇွဲလားတို့ပေါ်တွင် ပျံသန်းနေခဲ့သည်ဟု ဆိုသည်။

ပထမဆုံးတရုတ်မိုးပျံပူဖောင်းသည် သက်ရောက်မှုများစွာဖြစ်စေခဲ့ပြီး အမေရိကန်က နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်န်၏ တရုတ်ခရီးစဉ်ကို ချက်ချင်းဖျက်သိမ်းသည်အထိ ဖြစ်ခဲ့သည်။

အမေရိကန်ပိုင်နက်အတွင်း အမြင့်ပျံ ထောက်လှမ်းရေးမိုးပျံပူဖောင်းအား   တရုတ်ကွန်မြူနစ်ပါတီ အသုံးပြုမှုကို အမေရိကန်အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုအဖြစ် ရှုတ်ချကြောင်း ကွန်ဂရက်လွှတ်တော်က ကန့်ကွက်သူမရှိဘဲ ထောက်ခံမဲ ၄၁၉ မဲဖြင့် အတည်ပြုခဲ့ကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly