ပုံဟောင်းများဖြင့် CDF ဌာနချုပ်  ဗုံးကြဲခံရပြီး အသေအပျောက်များဟု သတင်းမှားဖြန့်

ပုံဟောင်းများဖြင့် CDF ဌာနချုပ်  ဗုံးကြဲခံရပြီး အသေအပျောက်များဟု သတင်းမှားဖြန့်

မဇ္ဈိမ။    ။ချင်းပြည်နယ်ကာကွယ်ရေးအဖွဲ့(CDF)ဌာနချူပ်ကို စစ်ကောင်စီတပ်မှ တိုက်လေယာဉ်များဖြင့်ဗုံးကြဲခဲ့ပြီး အသေအပျောက်များကြောင်း ပုံနှင့်တကွ သတင်းဖြန့်ဝေမှုများရှိနေသည်။ ယင်းပုံများမှ ဇန်နဝါရီလက CDF - Mindat ၏ တပ်စခန်းငယ်တစ်ခုအား စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်မှ ပုံများသာဖြစ်သည်။

မှိုင်းဝေဖေ့စ်ဘုတ်အကောင့်မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် “မနေ့က ချင်းပဒက် CDF ဌာနချုပ်စခန်းကို လေယာဉ် နဲ့ အမုန်းစွဲ ဗုံးကြဲ ၁၇ ကောင် မသာဖြစ် ၂၀ ကျော် ဒန်းစီး ဆန့်ငင့်ဆန့်ငင့် ကောင်တွေရှိသေးတယ် အိုကီနော် ညိုကီ တို့(မူရင်းအရေးအသားအတိုင်း)”ဟု ဆိုကာ ဗုံးကြဲခံရသည့် တပ်စခန်းပုံများဖြင့် စတင်ဖြန့်‌ဝေထားသည်။ ယင်းကို ဖြန့်ဝေသူ ၁၅၀ ကျော်ရှိနေပြီ ဖြစ်သည်။ အလားတူ တယ်လီဂရမ်ချန်နယ် ၁၆ ခုတွင်လည်း ပျံ့နှံ့နေသည်။ 

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ ထိုပုံများ၏မူရင်းကိုရှာဖွေခဲ့ရာ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် Chin Defense Force - Mindat မှ ဖော်ပြထားသည့် ပုံများဖြစ်ကြောင်းတွေ့ရသည်။ 
“၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၁၂ နာရီအချိန် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF - Mindat ၏ တပ်စခန်းငယ် တစ်ခုအား စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့ရာ ပျက်စီးခဲ့သည့် မှတ်တမ်းဓာတ်ပုံများ” ဟုလည်း ဖော်ပြထားသည်။  လင့် - https://bit.ly/3YR8prR 

ထို့ကြောင့် မှိုင်းဝေမှဖော်ပြထားသည့် CDF ဌာနချူပ်ဗုံးကြဲခံရသည်ဆိုသည့်ပုံများမှာ လက်ရှိကာလတွင် ဖြစ်ပွား သည့်ပုံမဟုတ်ဘဲ ဇန်နဝါရီလမှဖြစ်စဉ် ဖော်ပြမှုကို CDF-Mindat အမှတ်အသား ရေစာကို ဖြတ်တောက်ပြီး လက်ရှိ ကာလဖြစ်စဉ်သဖွယ် ပြန်လည်ဖြန့်ဝေနေခြင်းဖြစ်သည်။

CDF - Mindat ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဟာအွမ်မှလည်း “ဖြစ်တာက ဇန်နဝါရီလ ၂၂ ကဖြစ်စဉ်ပါ။ ပြန်တင်တယ် ဆိုတာက စကစရဲ့လုပ်ရပ်ကို မှတ်တမ်းတင်တာ။ အဲဒီဖြစ်စဉ်မှာ အသေအပျောက်မရှိပါဘူး၊ ဒဏ်ရာရတဲ့ ရဲဘော် နှစ်ယောက်ရှိတယ်၊ သူတို့လည်း အခုပြန်ကျန်းမာနေပါပြီ။ ဌာနချူပ်လည်းမဟုတ်ဘူး၊ CDF ရဲ့ တပ်စခန်းငယ်တစ်ခု ပါ။ ဒီတလောမှာ လေယာဉ်လာဝဲတာရှိတယ်၊ လက်နက်ကြီးတွေနဲ့ပစ်တယ်၊ ကျွန်တော်တို့ဘက်ကို ဖုန်းလိုင်းတွေ ဖြတ်ထားတာတွေရှိတယ်” ဟု မဇ္ဈိမသို့ ပြောကြားသည်။ 

ထို့ကြောင့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် CDF ဌာနချူပ်ကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အသေအပျောက် များသည်ဆိုသည်မှာ မဟုတ်မှန်ဘဲ CDF - Mindat တပ်စခန်းငယ်တစ်ခု ဇန်နဝါရီလအတွင်းက တိုက်ခိုက်ခံရသည် ကို မှတ်တမ်းတင်ထားသည့်ဓာတ်ပုံများမှ ရေစာကိုဖြတ်တောက်ကာ လက်ရှိကာလသယောင် ဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း ဖော်ပြလိုက်ပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly