ကန့်ဘလူခရိုင်မှာ စစ်ကောင်စီတပ် ၃ ရက်ဆက်တိုက်မီးရှို့လို့ နေအိမ် ၂၄၀ ကျော်ပျက်စီးပြီး လူထောင်ချီစစ်ရှောင်နေရ (ရုပ်/သံ)

ကန့်ဘလူခရိုင်မှာ စစ်ကောင်စီတပ် ၃ ရက်ဆက်တိုက်မီးရှို့လို့ နေအိမ် ၂၄၀ ကျော်ပျက်စီးပြီး လူထောင်ချီစစ်ရှောင်နေရ (ရုပ်/သံ)

မဇ္ဈိမ။  ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ မြေမွန်ရွာနဲ့ချောင်းကြားရွာကို စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် မီးရှို့ခဲ့တဲ့အတွက်  ပြည်သူပိုင်နေအိမ် ၂၄၈ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ရွာခံထောင်ချီစစ်ဘေးရှောင်နေရတယ်လို့  ဒေသခံတွေက မဇ္ဈိမ ကိုပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၉ ရက်နေ့က ကန့်ဘလူခရိုင်၊ မလည်တိုက်နယ် မြေမွန်ရွာကို အင်အား ၈၀ နီးပါးရှိတဲ့စစ်ကောင်စီ ခြေမြန်တပ်ရင်း(၃၆၉) ကမီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂၁၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။

ဒီစစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ တရော်ကိုင်းရွာကို အကြမ်းဖက်ဝင်ရောက်ခဲ့ပြီး နေအိမ်တစ်လုံး လက်နက်ကြီးထိမှန်ပျက်စီးခဲ့တဲ့အပြင် နေအိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ကန့်ဘလူမြို့နယ် ပေကုန်း(တောင်)ရွာက ပျူတွေနဲ့အတူ ကန့်ဘလူခရိုင်၊ ပင့်သာတိုက်နယ်မှာရှိတဲ့ ချောင်းကြားရွာကို တတိယအကြိမ် ဝင်ရောက်ပြီး အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ပြည်သူပိုင်နေအိမ် ၂၈ လုံး မီးလောင်ပျက်ဆီးသွားတယ်လို့
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၉ ရက်ကနေ၂၁ ရက်ထိ သုံးရက်တာကာလအတွင်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရဲ့  အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုကြောင့် ကန့်ဘလူခရိုင်အတွင်းက ပြည်သူပိုင်နေအိမ်  ၂၄၈ လုံး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံထောင်ချီစစ်ရှောင်နေရတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကသတင်းထုတ်ပြန်ထားပါတယ်။

အပြည့်အစုံကို KMN က တင်ဆက်ပေးထားပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required