လျှပ်စစ်ကား တင်သွင်းမည့်ကုမ္ပဏီများ ကျပ်သိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက်တင်ပြရမည် 

By မေဘယ်လ်သူ(မဇ္ဈိမ)
22 February 2023
လျှပ်စစ်ကား တင်သွင်းမည့်ကုမ္ပဏီများ ကျပ်သိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက်တင်ပြရမည် 

လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle –BEV) တင်သွင်းရောင်းချမည့် ကုမ္ပဏီများအနေဖြင့်  မြန်မာငွေ ကျပ်သိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက် တင်ပြရမည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 

မြန်မာနိုင်ငံသားဖြစ်စေ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားဖက်စပ်ဆောင်ရွက်ခြင်းဖြစ်စေ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့်ကုမ္ပဏီဖြစ်ရမည်ဖြစ်ပြီး၊ တင်သွင်းမည့်လျှပ်စစ်သုံးယာဉ်၏ အမှတ်တံဆိပ်တစ်ခုစီအတွက် ရောင်းချသည့်ကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် အရောင်းအဝယ်သဘောတူစာချုပ်တင်ပြနိုင်ရမည်ဖြစ်ကြောင်းဖော်ပြထားသည်။ 

ထို့ပြင် လျှပ်စစ်သုံးယာဉ် တင်သွင်းရောင်းချခွင့်ရသည့်ကုမ္ပဏီသည် တင်သွင်းလာသည့်ယာဉ်များအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ဝယ်ယူခွင့်ပါမစ် လျှောက်ထားရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အဆိုပါထုတ်ပြန်ချက်သည် ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ  အကျိုးသက်ရောက်စေမည်ဟုဆိုထားသည်။ 

“ပြီးခဲ့တဲ့ရက်ပိုင်းမှာ လျှပ်စစ်ကားအချို့ရောက်ရှိလာတယ်။ လက်ရှိမှာတော့ မရောင်းချခင် စမ်းပြီးသုံးကြည့်နေပါတယ်။ စကစဘက်ကလည်း Power Station တွေ ဆောက်နေတာရှိသလို ကျွန်တော်တို့ဘက်ကလည်း ဘယ်လိုနည်းနဲ့ရောင်းချပြီး သုံးစွဲသူတွေအဆင်ပြေနိုင်မယ့်နည်းလမ်းကို ရှာဖွေနေပါတယ်” ဟု လျှပ်စစ်ကားတင်သွင်းရောင်းချရန် ပြင်ဆင်နေသည့် လုပ်ငန်းရှင်တစ်ဦးက မဇ္ဈိမကိုဖြေကြားသည်။ 

လျှပ်စစ်သုံးယာဉ် အမျိုးအစားအတွက် အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် သတ်မှတ်ထားသည့် အကောက်ခွန်နှုန်းထားအား စစ်ကောင်စီပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် သုညရာခိုင်နှုန်း (0%) အထိ လျှော့ချထားကြောင်းသိရသည်။ 

“လက်ရှိ ပြည်တွင်းမှာ လျှပ်စစ်မီးမမှန်တာရယ်၊ စက်သုံးဆီဈေး မြင့်တက်နေတာရယ်၊ CNG Gas လုံလောက်မှုမရှိတာတွေကြောင့် လျှပ်စစ်ကားဘက်ပြောင်းသုံးမယ်ဆိုရင်လည်း  အားသွင်းတဲ့အခါ အခက်အခဲမရှိဖို့တော့ မျှော်လင့်တယ်” ဟု ဗဟန်းမြို့နယ်မှ အငှားယာဥ်မောင်းတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

လျှပ်စစ်သုံးယာဉ်အသုံးပြုမှုနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်ပမှ Completely Built Up-CBU စနစ်၊ Completely Knocked Down-CKD စနစ် နှင့် Semi-Knocked Down-SKD စနစ်တို့ဖြင့် တင်သွင်းသည့် လျှပ်စစ်သုံးယာဉ်များအား အခွန်ကောက်ခံခြင်းမရှိဟု စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required