တရုတ်၏ထောက်လှမ်းရေးစွမ်းရည်များကို ပိုမို စမ်းစစ်ရန် အမေရိကန်အစိုးရ ကြိုးပမ်းနေ

By Business Standard
22 February 2023
တရုတ်၏ထောက်လှမ်းရေးစွမ်းရည်များကို ပိုမို စမ်းစစ်ရန် အမေရိကန်အစိုးရ ကြိုးပမ်းနေ

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည်  ရာထူးတာဝန်စတင်ယူပြီးနောက် တရုတ်၏ ထောက်လှမ်းရေးစွမ်းရည်ကို ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်ရန် ထောက်လှမ်းရေးအသိုင်းအဝိုင်းအား ညွှန်ကြားခဲ့သည်ဟု အိမ်ဖြူတော်က ပြောကြားသည်။

အမေရိကန်တွင် မကြာသေးမီရက်များအတွင်း တရုတ်မိုးပျံပူဖောင်း ၃ လုံး တွေ့ရှိခဲ့သည်။ တောင်ကယ်ရိုလိုင်းနားကမ်းလွန်တွင် သံသယဖြစ်ဖွယ်တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းတစ်လုံးကို အမေရိကန်စစ်တပ်က ပစ်ချခဲ့ပြီး တစ်ပတ်အကြာနှင့် အလာစကာရေပြင်အနီးတွင် အလားတူအရာဝတ္ထုအား ပစ်ချပြီး တစ်ရက်အကြာတွင် အမေရိကန် F-22 တိုက်လေယာဉ်က ကနေဒါဝေဟင်၌ ဆလင်ဒါပုံသဏ္ဍာန် အမျိုးအမည်မသိ အရာဝတ္ထုတစ်ခုကို ဖေဖော်ဝါရီလ ၁၁ ရက်က ပစ်ချခဲ့သည်။ 

တရုတ်တွင် ထောက်လှမ်းရေးသတင်းအချက်အလက်စုဆောင်းမှုအတွက်အမြင့်ပျံ မိုးပျံပူဖောင်းအစီအစဉ်တစ်ခု ရှိပြီး ယင်းက တရုတ်စစ်တပ်နှင့် ဆက်စပ်နေကြောင်းကို မိမိတို့ ဆုံးဖြတ်နိုင်ခဲ့သည်ဟု မဟာဗျူဟာ ဆက်သွယ်ရေး ညှိနှိုင်းရေးမှူး ဂျွန်ကာဘီက ပြောကြားသည်။ 

မိမိတို့ လုပ်ဆောင်ပြီးသော အရာများနှင့် ဆောင်ရွက်နေဆဲကိစ္စအများစုမှာ အမှန်တကယ် အရေးပါသည့်အတွက် ပြည်ပ၏ ထောက်လှမ်းရေးအချက်အလက်များစုဆောင်းသည့် အားထုတ်မှုများကို ရှာဖွေတွေ့ရှိပုံနှင့် တန်ပြန်လုပ်ဆောင်မှုအသေးစိတ်များကို လူသိရှင်ကြား  ထုတ်ဖော်ပြောကြားမည်မဟုတ်ကြောင်းနှင့် အားလုံးနားလည်လိမ့်မည်ဟု ယူဆကြောင်း ဂျွန်ကာဘီက ဆိုသည်။

ယခုမိုးပျံပူဖောင်းများသည် အမေရိကန်အတွက် တရုတ်အသုံးပြုနေသော အခြားသော ထောက်လှမ်းရေးပလက်ဖောင်းများအတွက် ထပ်တိုးစွမ်းရည်ကိုအကန့်အသတ်သာ ပေးနိုင်သည်ကို အမေရိကန်က အကဲဖြတ်နိုင်ခဲ့ကြောင်း ကာဘီက မှတ်ချက်ပြုသည်။
သို့သော် အနာဂတ်တွင် တရုတ်က ယင်းနည်းပညာကို ဆက်လက်မြှင့်တင်ပါက ၎င်းတို့အတွက် ပိုမိုအကျိုးရှိလာမည်ဖြစ်သည်။

အမျိုးအမည်မသိရသည့် ဝေဟင်ထဲမှအရာဝတ္ထုများ၏ ဖြစ်စဉ်ကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာရန်လည်း ထောက်လှမ်းရေးအသိုင်းအဝိုင်းအား ဘိုင်ဒင်က ညွှန်ကြားခဲ့ပြီး အမေရိကန်သည် အခြေအနေကို ဆက်လက်စောင့်ကြည့်လျက်ရှိသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly