ရောဂါခံစာနေရသည့် ကလေးငယ်များ၏ဓါတ်ပုံဖြင့် အလှူငွေ လိမ်လည်ကောက်ခံနေ

By ဂျူချန်း
21 February 2023
ရောဂါခံစာနေရသည့် ကလေးငယ်များ၏ဓါတ်ပုံဖြင့် အလှူငွေ လိမ်လည်ကောက်ခံနေ

မဇ္ဈိမ ။    ။ရောဂါဝေဒနာခံစားနေရသည့် ကလေးငယ်များ၏ ဓာတ်ပုံများအားအသုံးပြုကာ ဖေ့စ်ဘုတ် အကောင့်တုများဖြင့် အလှူငွေကောက်ခံခြင်းများ ပြုလုပ်လျက်ရှိနေသည်။

“Daw Ya Min” အမည်ရှိ ဖေ့စ်ဘုတ်အကောင့်မှ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် “အမည် ဘုန်းလျှံထွဋ်၊ မိဘအမည် ဦးနှင်းမောင်*ဒေါ်ယမင်းနွယ် ရန်ကုန်ကိုဆေးလာကုသရင်း ရွှေတောင်ဘုန်းတော်ကြီးကျောင်း မှာ ခဏတာတည်းခိုနေရပါတယ်” ဟုဆိုကာ ဗဟန်း၊ ရွှေဂုံတိုင် ဗန်ဒါပင်မှတ်တိုင်အနီး ရွှေတောင်ကျောင်း သို့ လာရောက်လှူဒါန်းနိုင်ကြောင်းနှင့် ဦးနှင်းမောင်အမည်ရှိ Kpay အကောင့်နှင့်အတူ ရောဂါခံစားနေရ သည့် ကလေးငယ်၏ဓာတ်ပုံများဖြင့် အလှူခံထားသည်။ အဆိုပါ ပို့စ်အား မျှဝေသူ ၃,၀၀၀ ကျော်ရှိနေပြီး ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ အလှူငွေတောင်းခံကာ ရရှိကြောင်းပိုစ့်များလည်း ဖြန့်ဝေထားသည်။ 

အဆိုပါကလေးငယ်အကြောင်း မဇ္ဈိမမှစုံစမ်းခဲ့ရာ ၎င်း၏အမည်မှာ ဘုန်းလျှံထွဋ်(၆ နှစ်)ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တည်းက ဆုံးသွားပြီဖြစ်ကြောင်း ဖခင်နှင့်အဒေါ်ဖြစ်သူထံမှ သိရသည်။ ကလေး၏ ဖခင်အမည်မှာလည်း ဦးနှင်းမောင် မဟုတ်ဘဲ ဦးဖြိုးကိုကို ဖြစ်သည်။

“ကလေးမဆုံးခင်မှာတော့ ကျနော့်အကောင့်ကနေ အလှူခံခဲ့တာရှိပါတယ်။ ဒါပေမယ့် သားမဆုံးခင်မှာပဲ အလှူခံတာ ရပ်ခဲ့ပါတယ်။ သားက ရန်ကုန်ကနေရွာကိုအပြန်လမ်းမှာ ဆုံးသွားတုန်းကလည်း ကျနော့် အကောင့်မှာ လိုက်ဖ်လွှင်ထားတာရှိတယ်။ ကလေးလည်းဆုံးသွားပြီမို့ ခုလိုလိမ်ပြီး အလှူခံနေတာရပ်ကြ ပါတော့။ ကျနော်တင်ထားတဲ့ ပုံတွေနဲ့စာတွေကို အကုန်ကော်ပီယူပြီးတင်နေကြတာ။ သူတို့လုပ်စားနေ တာက နောက်ဆုံး ကျနော်တို့ပဲ မကောင်းဘူးဖြစ်နေတာ။ လိမ်နေတာတွေကိုလည်း ထိထိရောက်ရောက် လေးဖြစ်အောင် လုပ်စေချင်တယ်။ ကျနော်တို့လည်း ဘယ်သူ့ကိုသွားတိုင်လို့ တိုင်ရမှန်း မသိဘူး” ဟု ဘုန်းလျှံထက်၏ ဖခင်ဖြစ်သူမှ မဇ္ဈိမသို့ပြောကြားသည်။ 

မောင်ဘုန်းလျှံထက်မှာ ရန်ကုန်ကလေးအထူးကုဆေးရုံကြီး(ဟယ်လ်ပင်ဆေးရုံ)တွင် ၂၀၂၁ ခုနှစ် ဇူလိုင် လမှ စတင်ကာ ၂၀၂၂ ဇူလိုင်လအထိ တစ်နှစ်နီးပါးဆေးကုသမှုခံယူခဲ့ပြီး ၂၀၂၂ ခုနှစ် မေလ၌လည်း အိန္ဒိယ သို့ သွားရောက်ဆေးကုသခဲ့ရသေးကြောင်း၊ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီးမှ ရောဂါအခြေအနေကြောင့် ဆေးကုသရန်လက်လျှော့ခဲ့ရပြီး ရွာသို့အပြန်လမ်းတွင်ပင်ဆုံးပါးခဲ့သည်ဟု ၎င်း ၏ဖခင်က ဆိုသည်။ 
ကလေးငယ်ဆုံးခဲ့သည့်ဖြစ်စဉ်အားလည်း ဖခင်ဖြစ်သူမှ လိုက်ဖ်လွှင့်ထားခဲ့သည်။ လင့် https://bit.ly/3SahdXo

ယခု ကလေးပုံများဖြန့်ဝေနေသည့်အကောင့်သည် ကလေး၏အမေဖြစ်သူ ဒေါ်ယမင်း၏အမည်ဖြင့် အကောင့်ဖြစ်သည်။ သို့သော် ကလေး၏မိခင်မှာ ဖေ့စ်ဘုတ်မသုံးကြောင်းနှင့် ဖခင်ဖြစ်သူမှာလည်း ကလေးအမည်ဖြင့်သာ ဖေ့စ်ဘုတ်သုံးကြောင်းဆိုသည်။ 

ကလေး၏ အဒေါ်ဖြစ်သူမှလည်း “ပထမတော့ လူလိမ်တွေက ကလေးအဖေရဲ့ ဖေ့စ်ဘုတ်နာမည်နဲ့ တစ်ပုံ စံတည်းလိုက်ဖွင့်ပြီး တင်သမျှပို့စ်တွေ ကူးတင်တယ်။ အဲဒီတုန်းကတည်းက ကလေးအဖေကလည်း ခဏ ခဏ လူလိမ်အကောင့်ပါဆိုပြီးတင်ပါတယ်။ နောက်ပိုင်း အမတို့ကပါ ဝိုင်းပြောကြတော့ ကလေးအမေ နာမည်နဲ့ လုပ်ပြန်ရော။ အမတို့လည်း ကလေးလည်း ဆုံး။ လူလိမ်ကိုလည်း မပြောနိုင်တော့ဘူး” ဟု မဇ္ဈိမ ကို ပြောသည်။

ကလေးအတွက် အလှူငွေကောက်ခံစဉ်ကအသုံးပြုသည့် Kapy အမည်မှာလည်း ဦးဖြိုးကို ဖြစ်ပြီး ဦးနှင်းမောင်အမည်မှာ လိမ်လည်နေခြင်းသာဖြစ်ကြောင်းလည်း ဆိုသည်။ 

မော်ဒယ်၊ သရုပ်ဆောင် မေပန်းချီကလည်း ၎င်း၏ဖေ့ဘုတ်အကောင့်တွင် အဆိုပါ ဒေါ်ယမင်းအကောင့်မှ ဦးနှင်းမောင်အမည်ရှိ Kpay ဖြင့် လိမ်လည်အလှူခံနေကြောင်းနှင့် ၎င်းမှ ကလေးအားကြည့်လို၍ ဖုန်းခေါ် ချိန်တွင် မကိုင်ဘဲဘလော့သွားကြောင်းလည်း ဆိုထားသည်။ လင့် -  https://bit.ly/3kbMwUV

အဆိုပါ ဦးနှင်းမောင်အမည်ရှိ Kpay နှင့် Wave အကောင့်များဖြင့်ပင် ရောဂါခံစားနေရသည့် အခြား မိန်းကလေးငယ် တစ်ဦး၏ပုံဖြင့် ဒေါ်ယဉ်မြအကောင့်မှ အလှူခံထားသေးသည်။
ဒေါ်ယဉ်မြအကောင့်မှ မိန်းကလေးငယ်တစ်ဦး၏ပုံများဖြင့် သမီးလေးနှင်းဧကရီသည် သွားဖုံးကင်ဆာအား ကုသနိုင်ရန် ငွေလိုအပ်သဖြင့် အလှူငွေကောက်ခံကြောင်း သွားဖုံးကင်ဆာရောဂါဝေဒနာ ခံစားနေရသည့် မိန်းကလေးငယ်တစ်ဦး၏ဓာတ်ပုံများဖြင့် ဖြန့်ဝေထားသည်။ ပိုစ့်တွင် အလှူငွေလွှဲရန် ဦးနှင်းမောင် အမည် ဖြင့် K pay နှင့် Wave pay (09758389844) အ‌ကောင့်နံပါတ်များကို ဖော်ပြထားသည်။ ထို wave account ၏ အမည်မှာ နှင်းမောင်ဖြစ်ပြီး ထိုနံပါတ်ဖြင့် Kapy တွင် အကောင့်မရှိချေ။  

အဆိုပါဝေဒနာခံစားနေရသည့်သမီးလေး၏ပုံများမှာ မျိုးသန္တာခိုင်အကောင့်မှဖြစ်သည်။ ၎င်းသည် သမီး လေးကိုကူညီနေပြီး အလှူငွေ စာရင်းရှင်းတန်းများကိုလည်း တိတိကျကျ ထုတ်ပြန်ထားသည်ကိုတွေ့ရ သည်။ သူမ၏ အကောင့်မှလည်း ဇန်နဝါရီ ၆ ရက်နေ့တွင် ထိုသို့ သူမတင်ထားသည့် ပုံကို သုံး၍ အလှူငွေ လိမ်စားကောက်ခံနေကြောင်းကို ရှင်းလင်းထားသည်။ 

မဇ္ဈိမမှ ၎င်းအားဆက်သွယ်မေးမြန်းခဲ့ရာ“ကလေးနာမည်က နှင်းဧကရီမဟုတ်ပါဘူးရှင့်။ ညီမတို့ တင်ထား တဲ့ပုံတွေကိုယူသုံးပြီး နှင်းဧကရီဆိုပြီး နာမည်လျှောက်ရေးပြီးတော့ တင်တယ်။ နောက်တော့ ညီမတင်တဲ့ ပုံတွေမှာ Myo Thandar ဆိုပြီး နာမည်ထိုးပြီးတင်တော့ အဲ့ဒီနာမည်တွေကိုပါ ပန်းပုံစတစ်ကာတွေပါ အုပ်ပြီး ဆက်လိမ်တယ်” ဟု မမျိုးသန္တာခိုင်က ဆိုသည်။ 

အဆိုပါ ဒေါ်ယဉ်မြအကောင့်မှ လိမ်လည်အလှူခံနေခြင်းအကြောင်းကိုလည်း မိန်းကလေးငယ်အား အကူ အညီပေးနေကြသည့် မမျိုးသန္တာနှင့် ကိုအာပူတူးတို့က ၎င်းတို့၏ ဖေ့စ်ဘုတ်အကောင့်တွင် ဖော်ပြထား ကြသည်။ ၎င်းတို့ညွှန်းဆိုထားသည့်အကောင့်လင့်မှာ ဒေါ်ယမင်းအမည်ဖြင့်ဖြစ်နေပြီး ဒေါ်ယဉ်မြအမည်မှ အမည်ပြောင်းထားခြင်းဖြစ်သည်။ ထိုအကောင့်တွင်မူ သမီးလေးအကြောင်းတင်ထားသည့် ပိုစ့်များမရှိ တော့ပေ။ 
လင့် https://bit.ly/3S495Ym , https://bit.ly/3Iv5K1a

ထပ်မံ၍ ထိုဖုန်းနံပါတ်ဖြင့် အခြားအလှူခံခြင်းများ ရှိ/မရှိ ရှာဖွေခဲ့ရာတွင် ဒေါ်ယဉ်မြအကောင့်ဖြင့်ပင် သားလေး ဘုန်းမြတ်သူ အရေပြားကင်ဆာခံစားနေရကြောင်း ပုံများဖြင့် Kpay/wave မှ အလှူခံထားသေး သည်။ ထိုမူရင်းပိုစ့်မရှိတော့သော်လည်း အလှူငွေထည့်ဖူးပြီး အလိမ်ခံရသူတစ်ဦးက ဒီဇင်ဘာ ၂၉ ရက် နေ့တွင် ပို့စ်တင်ထားသည်။ လင့် - t.ly/h81MH

အဆိုပါဖုန်းနံပါတ်ဖြင့် Athin Ko ဆိုသည့်အကောင့်ဖြင့် “ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် ရင်သွေး ရတနာများ” ဖေ့စ်ဘုတ်ဂရုတွင် ဖေ့စ်ဘုတ်အသုံးပြုသူများကြား ရွှေကံစမ်းမဲဖောက်ပေးသည်ဆိုကာ ပစ္စည်းပို့ဆောင်ပေးရန်အတွက် တန်ဆာခအနေဖြင့် ပိုက်ဆံပြန်ပေးရမည်ဟုဆိုကာ ဦးနှင်းမောင် K pay အကောင့်ဖြင့် ငွေလိမ်တောင်းခြင်းများလည်း ပြုလုပ်ခဲ့‌သေးသည်။ 

အလှူအတန်းရက်ရောသော မြန်မာလူမျိုးတို့၏ စိတ်ဓာတ်ကိုအသုံးချကာ ရောဂါဝေဒနာခံစားနေရသည့် ကလေးငယ်များ၏ပုံဖြင့် အမျိုးမျိုးသောဖေ့စ်ဘုတ်အကောင့်များဖွင့်ကာ အလှူငွေတောင်းခံလျက်ရှိသည့် ဦးနှင်းမောင် (U HNIN MAUNG) အမည်ရှိ K pay နံပါတ် 09768117726 နှင့် Hnin Mg အမည်ရှိ Wave pay နံပါတ် 09758389844 တို့မှာ လိမ်လည်အလှူခံနေကြခြင်းသာဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။ 

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly