ပါကစ္စတန်က အိန္ဒိယအကျဉ်းသား ၂ ဦးကို လွှတ်ပေးခဲ့ပြီး ၇၀၀ ခန့်ကို ဆက်ဖမ်းဆီးထား   

By ANI
21 February 2023
ပါကစ္စတန်က အိန္ဒိယအကျဉ်းသား ၂ ဦးကို လွှတ်ပေးခဲ့ပြီး ၇၀၀ ခန့်ကို ဆက်ဖမ်းဆီးထား   

ပါကစ္စတန်အစိုးရသည် အိန္ဒိယအကျဉ်းသား ၂ ဦးကို ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် လွှတ်ပေးခဲ့ပြီး အတာရီ-ဝါဂါ နယ်စပ်မှတစ်ဆင့် အိန္ဒိယသို့ ပြန်ပို့လိုက်သည်။

ပါကစ္စတန်တွင် ပြစ်ဒဏ်ကျခံနေရသော အိန္ဒိယလူမျိုး ၇၀၀ ခန့်ရှိသေးသည်ဟု အကျဉ်းသားတစ်ဦးက ပြောသည်။
ရာဂျူးသည် လွန်ခဲ့သော ၅ နှစ်က ပါကစ္စတန်သို့ မှားယွင်းစွာ ဝင်ရောက်ခဲ့ရာမှ ဖမ်းဆီးခံရပြီး ဂမ်ဘရာရမ်ဆိုသူမှာလည်း ပါကစ္စတန်တွင် ၂ နှစ်ခွဲခန့် အကျဉ်းကျခဲ့သည်ဟု ဆက်ဆံရေးအရာရှိ အာရန်ပေါလ် ကဆိုသည်။

ဂမ်ဘရာက ၎င်းသည် မိန်းကလေးတစ်ဦးကို လိုက်ရှာရန် ပါကစ္စတန်နယ်စပ်ကို ဖြတ်ကူးခဲ့သောကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
"ကျွန်တော် မိန်းကလေးတစ်ယောက်ကို လိုက်ရှာရင်း ပါကစ္စတန်နယ်စပ်ကို ဖြတ်ကျော်မိသွားတယ်။ ထောင်ထဲရောက်တော့ ၆ လလောက် နှိပ်စက်ခံခဲ့ရတယ်။ ၆ လကြာပြီးတော့ အခြားထောင်ရောက်ပြီး အဲဒီမှာ  ၂၁ လကြာခဲ့တယ်"

" ထောင်ထဲမှာ အိန္ဒိယအကျဉ်းသား ၇၀၀ လောက်ရှိတယ်။ အကျဉ်းသားတွေက  စိတ်ပုံမှန် မဟုတ်ဘဲ ငိုကြွေးနေကြတယ်။ သူတို့ရဲ့အခြေအနေကို မရှင်းပြတတ်ပါဘူး" ဟု ဂမ်ဘရာရမ်က ပြောသည်။

အကျဉ်းထောင်များတွင် အကျဉ်းသားများသည် စိတ်ဝေဒနာခံစားနေကြရကာ ဒုက္ခရောက်နေကြသောကြောင့် အိန္ဒယလူမျိုး အကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေးဆောင်ရွက်ပေးရန် ဂမ်ဘရာရမ်က အစိုးရအား တောင်းဆိုခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly