ထိုင်ဝမ်ကမ်းလွန်ကျွန်းငယ်ပေါ်တွင် တရုတ်မိုးလေဝသပူဖောင်း အပျက်အစီးများ တွေ့ရှိ 

By Focus Taiwan
21 February 2023
ထိုင်ဝမ်ကမ်းလွန်ကျွန်းငယ်ပေါ်တွင် တရုတ်မိုးလေဝသပူဖောင်း အပျက်အစီးများ တွေ့ရှိ 

ထိုင်ဝမ်စစ်တပ်သည် တရုတ်နိုင်ငံအနီး ကမ်းလွန်ပင်လယ်ပြင်ရှိ ကျွန်းငယ်တစ်ခုပေါ်တွင် တရုတ်မိုးလေဝသပူဖောင်းအပျက်အစီးဟု ယူဆရသည့်အရာကို ဖေဖော်ဝါရီလ ၁၆ ရက်က ရှာဖွေတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ထိုင်ဝမ် လီယန်ချန်းကောင်တီအုပ်ချုပ်မှုအောက်ရှိ မာ့ဆုကျွန်းစု၏ အစိတ်အပိုင်းဖြစ်သော ဒုန်ယင်ကျွန်းငယ်အား စောင့်ကြပ်နေသည့် ထိုင်ဝမ်စစ်တပ်ဒုန်ယင်နယ်မြေကွပ်ကဲမှုအဖွဲ့မှ တာဝန်ရှိသူများက တရုတ်မှ လွှင့်တင်လိုက်သည်ဟု ယူဆရသည့် မိုးလေဝသပူဖောင်း၏ အပျက်အစီးများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်မှ ကီလိုမီတာ ၄၀ ခန့်အကွာတွင်ရှိသော အဆိုပါ ကျွန်းငယ်သည် တရုတ်နိုင်ငံနှင့် အနီးကပ်ဆုံး ထိုင်ဝမ်ထိန်းချုပ်နယ်မြေများထဲမှ  တစ်ခုဖြစ်သည်။

တရုတ်စာဖြင့် တိုင်ယွမ်မ်အမှတ် ၁ ရေဒီယိုစက်ရုံ၊  GTS13 ရေဒီယိုထုတ်လွှင့်စက်နှင့် မိုးလေဝသဆိုင်ရာကိရိယာဟု ရေးထားသော အချင်း ၁ မီတာရှိ သံသယဖြစ်ဖွယ် မိုးလေဝသပူဖောင်းအား ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် သေနတ်ပစ်ကွင်းဧရိယာအတွင်း၌ တွေ့ရှိခဲ့သည်ဟု ထိုင်ဝမ်စစ်တပ်က ဆိုသည်။

သံသယဖြစ်ဖွယ် အဆိုပါပူဖောင်းသည် တရုတ်နိုင်ငံဘက်မှ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ကနဦးစုံစမ်းစစ်ဆေးမှုများအရ ကောက်ချက်ချခဲ့ကြောင်းနှင့် ထိုင်ဝမ်စစ်တပ်က ပူဖောင်းအပျက်အစီးများကို ဆက်လက်စစ်ဆေးရန် စီစဉ်နေကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ရှန်ရှီးပြည်နယ်၏ မြို့တော် တိုင်ယွမ်အခြေစိုက် အမှတ် ၁ ရေဒီယိုစက်ရုံသည် စက်ပိုင်းဆိုင်ရာနှင့် မိုးလေဝသပစ္စည်းများကို ထုတ်လုပ်ကြောင်း အွန်လိုင်းသတင်းအချက်အလက်များတွင် ဖော်ပြထားသည်။

ထိုင်ဝမ်လေပိုင်နက်အတွင်း ယနေ့အထိတွေ့မြင်ရသော တရုတ်မိုးပျံပူဖောင်းများသည် မိုးလေဝသပူဖောင်းများသာ ဖြစ်ပြီး ပစ်ချရလောက်အောင် လုံခြုံရေးခြိမ်းခြောက်မှုများ မဖြစ်စေခဲ့ကြောင်း ထိုင်ဝမ်စစ်တပ်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့ပြီးနောက် မိုးလေဝသပူဖောင်းအပျက်အစီးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အမေရိကန်လေပိုင်နက်ထဲတွင် ဖေဖော်ဝါရီ ၄ ရက်က တွေ့ရှိခဲ့သော သံသယဖြစ်ဖွယ် တရုတ်သူလျှိုမိုးပျံပူဖောင်း ကို အမေရိကန်မှ ပစ်ချခဲ့ပြီးနောက် တရုတ်မိုးပျံပူဖောင်းများကို တစ်ကမ္ဘာလုံးက အာရုံစိုက်လာခဲ့သည်။

သို့သော် တရုတ်က အဆိုပါ မိုးပျံပူဖောင်းကို သူလျှိုလုပ်ရန်အတွက် အသုံးပြုခဲ့ခြင်းမဟုတ်ကြောင်း ငြင်းဆိုထားပြီး လမ်းကြောင်းပြောင်းသွားသော အရပ်ဘက်သုံးလေသင်္ဘောဖြစ်ကြောင်း ဖြေရှင်းထားသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly