ထိုင်ဝမ်သို့ လက်နက်ရောင်းချသည့် အမေရိကန်ကုမ္ပဏီ Lockheed Martin နှင့် Raytheon တို့ကို တရုတ် ဒဏ်ခတ်ပိတ်ဆို့

By Reuters
21 February 2023
ထိုင်ဝမ်သို့ လက်နက်ရောင်းချသည့် အမေရိကန်ကုမ္ပဏီ Lockheed Martin နှင့် Raytheon တို့ကို တရုတ် ဒဏ်ခတ်ပိတ်ဆို့

တရုတ်သည် အမေရိကန်ကုမ္ပဏီများအား နောက်ဆုံး ပိတ်ဆို့အရေးယူမှုအဖြစ် Lockheed Martin ကုမ္ပဏီနှင့် Raytheon Technologies ၏ ကုမ္ပဏီခွဲတစ်ခုတို့အား ထိုင်ဝမ်သို့ လက်နက်များရောင်းချမှုနှင့်ပတ်သက်၍ အမည်ပျက်စာရင်းသွင်းကာ တရုတ်နိုင်ငံနှင့် ၎င်းကုမ္ပဏီများအကြား တင်သွင်းမှုနှင့်တင်ပို့မှုများကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှစကာ ပိတ်ပင်လိုက်သည်။

အမေရိကန်စစ်တပ်က တရုတ်သူလျှိုမိုးပျံပူဖောင်းအား ပစ်ချပြီးနောက် ဆက်ဆံရေးတင်းမာမှု မြင့်တက်နေချိန် တရုတ်က အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ထိခိုက်စေသည့် သက်ဆိုင်ရာ အမေရိကန်အဖွဲ့အစည်းများကို တန်ပြန်စီမံချက်များလုပ်ဆောင်မည်ဟု သတိပေးပြီးနောက်  ၁ ရက်အကြာတွင် ယခုကဲ့သို့ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်လာခြင်းဖြစ်သည်။

Lockheed Martin Corp နှင့် Raytheon Technologies Corp ၏ လက်အောက်ခံ Raytheon Missile and Defence Corp တို့ကို တရုတ်နိုင်ငံနှင့် ဆက်စပ်သော သွင်းကုန်နှင့် ပို့ကုန်လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်းမှ တားမြစ်ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒါတွေက မလိုလားအပ်တဲ့ လုပ်‌ဆောင်ချက်တွေဖြစ်တယ်လို့ မိမိတို့ ရှုမြင်သုံးသပ်ပါတယ်” ဟု အိမ်ဖြူတော်ပြန်ကြားရေးတာဝန်ခံ ကရင်းဂျောန်ပီရာက ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
Raytheon Technologies သည် Pratt & Whitney လေယာဉ်အင်ဂျင်များအပြင် လေယာဉ်ဘီးအုံနှင့် ထိန်းချုပ်မှုစနစ်ပစ္စည်းများကို တရုတ်နိုင်ငံ၏ လေကြောင်းလုပ်ငန်းသို့ ရောင်းချသည်။

“ကုမ္ပဏီအနေဖြင့် နိုင်ငံခြား အစိုးရအဖွဲ့များနှင့် စီးပွားရေးလုပ်ဆောင်ရာတွင် အမေရိကန်အစိုးရ၏ မူဝါဒအတိုင်း လုပ်ဆောင်သည်” ဟု နိုင်ငံပေါင်း ၇၀ ကျော်သို့ တင်ပို့ရောင်းချနေသည့် Lockheed ကုမ္ပဏီက ဆိုသည်။

အမေရိကန်ကုမ္ပဏီ Lockheed သည် တောင်ကယ်ရိုလိုင်းနားကမ်းလွန်တွင် တရုတ်သူလျှိုပူဖောင်းကို ပစ်ချခဲ့သည့် F-22 Raptor တိုက်လေယာဉ်ကို ထုတ်လုပ်သူဖြစ်ပြီး Raytheon မှ ထုတ်လုပ်သော AIM-9X Sidewinder ဒုံးကျည်ကို အသုံးပြုခဲ့သည်။
ကုမ္ပဏီများအား တရုတ်နိုင်ငံတွင် နောက်ထပ် ရင်းနှီးမြှုပ်နှံမှုများ မလုပ်‌ဆောင်ရန် တားမြစ်လိုက်ပြီး အဆင့်မြင့်အရာရှိများကို နိုင်ငံတွင်း ဝင်ရောက်ခွင့်ကို ပိတ်ပင်လိုက်သည်။ တရုတ်တွင်ရှိသော ၎င်းကုမ္ပဏီဝန်ထမ်းများ၏ အမြဲနေထိုင်ခွင့်ကိုလည်း ဖျက်သိမ်းခဲ့သလို ထိုင်ဝမ်သို့ စာချုပ်ပါ လက်နက်ရောင်းချမှုပမာဏ၏ တန်ဖိုး ၂ ဆ ဖြစ်သော ဒဏ်ငွေကိုလည်း သတ်မှတ်ခဲ့သည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်သို့ ဒေါ်လာသန်း ၁၀၀ ကျော်တန်ဖိုးရှိ လက်နက်ရောင်းချမှုနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံက အဆိုပါကုမ္ပဏီ ၂ ခုအား ပိတ်ဆို့အရေးယူလိုက်ခြင်းဖြစ်သည်။

အမေရိကန်သည် တရုတ်သို့ လက်နက်ရောင်းချခြင်း မရှိပေ။ သို့သော်  အမေရိကန်သည် ထိုင်ဝမ်ကို ကိုယ်ပိုင်ခုခံကာကွယ်ရေး နည်းလမ်းများထောက်ပံ့ရေးဟူသော  ၁၉၇၉ ခုနှစ် ထိုင်ဝမ်ဆက်ဆံရေး အက်ဥပဒေအရ လုပ်ဆောင်ခြင်းဖြစ်ကာ ထိုင်ဝမ်အတွက် အမေရိကန်လက်နက်ရောင်းချမှုသည် တရုတ်ကို အမြဲ စိတ်ဆိုးဒေါသထွက်စေခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly