တိဗက်ရှိ အခြေခံအဆောက်အအုံများကို တရုတ်က ရည်ရွယ်ချက် ၂ မျိုးဖြင့် အသုံးပြုရန် စီစဉ်ထား

By ANI  
20 February 2023
တိဗက်ရှိ အခြေခံအဆောက်အအုံများကို တရုတ်က ရည်ရွယ်ချက် ၂ မျိုးဖြင့် အသုံးပြုရန် စီစဉ်ထား

တရုတ်၏ အခြေခံအဆောက်အအုံဆိုင်ရာ အစီအစဉ်သစ်ဖြစ်သော ၂၀၂၅ ခုနှစ်တွင် ပြီးစီးရန် လျာထားသည့် ကီလိုမီတာ ၄ ၀ဝ၀ အရှည်ရှိ ရထားလမ်းဖောက်လုပ်ခြင်းနှင့် ၂၀၃၅ ခုနှစ်အမီ အပြီးတည်ဆောက်မည့်  လေဆိပ်အသစ် ၅၉ ခုနှင့် ရဟတ်ယာဉ်ကွင်း ၃၀ဝ တို့သည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) တစ်ဝန်းတွင် အကောင်အထည်ဖော်မည်ဖြစ်ကာ ယင်းအဆောက်အအုံများသည်  တရုတ်တပ်ဖွဲ့များကို လျှင်မြန်စွာ တပ်ဖြန့်နိုင်မည်ဖြစ်သလို တိဗက်ယဉ်ကျေးမှုအား တရုတ်ဇာတ်သွင်းခြင်းမဟာဗျူဟာကို အားဖြည့်ပေးမည်ဖြစ်သောကြောင့် ရည်ရွယ်ချက် နှစ်မျိုးရှိနေကြောင်း Tibet Right Collective က ဖော်ပြသည်။

တိဗက်ရှိ အခြေခံအဆောက်အအုံများ အရှိန်အဟုန်ဖြင့် တိုးတက်မှုသည် တရုတ်၏ ကြီးမားသော ရည်မှန်း ချက်ကို ဖြည့်ဆည်းပေးမည့် နိုင်ငံ၏လမ်းစဉ်ဖြစ်သည်မှာ သိသာထင်ရှားလှသည်။

ယင်းအခြေခံအဆောက်အအုံဆိုင်ရာ မဟာဗျူဟာက အတိုက်အခံအားလုံးကို ချေမှုန်းရာတွင် အထောက် အကူဖြစ်မည်ဖြစ်ပြီး နောက်ဆုံးတွင် တရုတ်က တိဗက်ပြည်တွင်းနှင့် ပြင်ပရှိ တိဗက်လူမျိုးများ၏ ခုခံတော်လှန်မှုကို ဖိနှိပ်ကာ ပြိုကွဲအောင် ပြုလုပ်လိမ့်မည်ဟု  မျှော်လင့်ရကြောင်း တိဗက်မူဝါဒဌာနက ပြောကြားခဲ့သည်။ 

လာဆာကဲ့သို့ တိဗက်မြို့ကြီးများတွင် မြို့ပြအသွင်ပြောင်းခြင်းနှင့်အတူ တရုတ်ရွှေ့ပြောင်းအလုပ်သမားများ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းလာမှုကြောင့် တိဗက်လူမျိုးများနှင့် တရုတ်များ လက်ထပ်ထိမ်းမြားမှု များပြားလာသည်။

တရုတ်အစိုးရ၏ ၁၄ ကြိမ်မြောက် ၅ နှစ်စီမံကိန်း (၂၀၂၁-၂၅) အရ တိဗက်၌ ၂၀၃၅ ခုနှစ်တွင် ၁ ၀ဝ၀ ကီလိုမီတာ အရှည်ရှိ ၂ လမ်းသွား ရထားလမ်း အပါအဝင် ကီလိုမီတာ ၅ ၀ဝ၀ နှင့် အထက်ရှိသည့် ရထားလမ်းကွန်ရက်ကို တည်ဆောက်မည့် အစီအစဉ်လည်းရှိကြောင်း Tibet Right Collective က ဖော်ပြခဲ့သည်။

လက်ရှိတွင် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀ဝ၆ ခုနှစ် ဇူလိုင်လက  ဖွင့်လှစ်ခဲ့သော ချင့်ဟိုင်-တိဗက် မီးရထားလမ်း၊ ၂၀၁၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော လာဆာ-ရှီဂတ်ဆဲ မီးရထားလမ်းနှင့် ၂၀၂၁ ခုနှစ်တွင် ဖွင့်လှစ်သည့် လာဆာ-ညင်ထရိုင် မီးရထားလမ်း စသည့် ရထားလမ်း ၃ လိုင်းကိုသာ ပြေးဆွဲနေသည်။ 

တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၁ ခုနှစ်ကုန်အထိ မီးရထားလမ်းအရှည် ၁၃၅၉ ကီလိုမီတာတွင် ရထားများပြေးဆွဲလျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။
တရုတ်နှင့် တောင်အာရှနိုင်ငံနိုင်ငံများအကြား နိုင်ငံတကာရထားလမ်းကြောင်းဖွင့်လှစ်နိုင်ရေးအတွက် တိဗက်တွင် တောင်အာရှသို့ ဖောက်လုပ်မည့် နိုင်ငံတကာရထားလမ်းတည်ဆောက်ရန်လည်း ရည်ရွယ်ထားသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly