ဒဂုံဆိပ်ကမ်းမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်တိုက်ခိုက်ခံရ ၊ ရာအိမ်မှူး ၂ ဦး သေဆုံး

By ဝေဟင်စိုး(မဇ္ဈိမ)
20 February 2023
ဒဂုံဆိပ်ကမ်းမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်တိုက်ခိုက်ခံရ ၊ ရာအိမ်မှူး ၂ ဦး သေဆုံး

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊အမှတ် (၉၄) ရပ်ကွက်၊အုပ်ချုပ်ရေးမှူးရုံးအား ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၃ နာရီခွဲ ဝန်းကျင်အချိန်တွင် မြို့ပြပြောက်ကျားအဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်တိုက် ခိုက်ရာ ရာအိမ်မှူးနှစ်ဦးသေဆုံးသွားကြောင်း ယင်းမြို့နယ်နေ ပြည်သူတစ်ဦးကမဇ္ဈိမကို ပြောသည်။

မြို့ပြပြောက်ကျားအဖွဲ့က ကနဦးတွင် ဗုံးပစ်တိုက်ခိုက်ခဲ့ပြီးနောက် သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း ကြောင့်  ရာအိမ်မှူး ဦးဝင်းမြင့်နှင့် ဦးထွန်းထွန်းဝင်းတို့ သေဆုံးသွားကြောင်း သိရသည်။

“သေသွားတာက (၉၄)ရပ်ကွက်ထဲက ရာအိမ်မှူး‌တွေပါ။ ဝင်ပစ်တဲ့အချိန် သေဆုံးတဲ့ရာအိမ်မှူး နှစ်ဦး အပြင် အုပ်ချုပ်ရေးမှူးခင်မောင်ဇင်ပါရှိနေတာလို့ သိရတယ်။ အုပ်ချုပ်ရေးမှူးက ထွက်ပြေးသွားတော့ လွတ်သွားတယ်။  သေသွားတဲ့ရာအိမ်မှူးနှစ်ယောက်ကိုတော့ လူနာတင်ယာဉ်နှစ်စီးနဲ့သယ်သွားပြီ။ ရုံးနဲ့ နီးတဲ့အိမ်တွေကို မေးမြန်းနေတာတော့ တွေ့ရတယ်"ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့ ညနေ ၃ နာရီ ၁၈မိနစ် အချိန်တွင်လည်း သာကေတမြို့နယ်၊ ခိုင်ရွှေဝါလမ်းမကြီး ပေါ်ရှိ သောက်ရေကန်အနီးတွင် ပျူစောထီးအဖွဲ့ဝင်၊ မဘသခေါင်းဆောင်ဆိုသူ ဦးနေမျိုးအောင်ကို မြို့ပြ ပြောက်ကျားအဖွဲ့က သေနတ်ဖြင့် ရှစ်ချက်ပစ်ခတ်ခဲ့ပြီး နေရာတွင်ပင် သေဆုံးခဲ့သည်ဟု ရန်ကုန်မြေ အောက်တော်လှန်ရေး အဖွဲ့တစ်ခုထံမှ သိရသည်။ ၎င်းသည် မြို့ပြ‌ပြောက်ကျားအဖွဲ့များအား ဖမ်းဆီးရာ တွင် ပါဝင်သူတစ်ဦးလည်းဖြစ်သည်ဟု သိရသည်။

စာတည်း။    ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required