တိဗက်လွတ်လပ်ရေးနေ့ကြေညာခြင်း ၁၁၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲကို  ပြင်သစ်၌ ကျင်းပ 

By ANI  
20 February 2023
တိဗက်လွတ်လပ်ရေးနေ့ကြေညာခြင်း ၁၁၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲကို  ပြင်သစ်၌ ကျင်းပ 

တိဗက်လွတ်မြောက်ရေးဆိုင်ရာကျောင်းသားများအဖွဲ့သည်  တိဗက်လွတ်လပ်ရေးကို အတည်ပြုသည့်အနေဖြင့် တိဗက်လွတ်လပ်ရေးနေ့ကြေညာခြင်း ၁၁၀ နှစ်ပြည့်ပွဲကို ပြင်သစ်ရှိ တိဗက်ရွှေ့ပြောင်းများနှင့် တိဗက်မိတ်ဆွေများဖြင့် ပါရီမြို့ရှိ ဒဲလာရယ်ပြူဘလစ်ခ်ရင်ပြင်၌ ဖေဖော်ဝါရီ ၁၃ ရက်က ကျင်းပသည်။

တိဗက်တွင် မန်ချူးစစ်တပ်၏ ကျူးကျော်မှု ရှုံးနိမ့်ပြီးနောက် ၁၃ ဆက်မြောက် ဒလိုင်းလားမားနှင့် တိဗက်လူမျိုးများသည် ၁၉၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တိဗက်ကို အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ပြန်လည်ထူထောင်ကာ လွတ်လပ်ရေး ကြေညာခဲ့သည်။ 

တိဗက်အသိုက်အဝန်းသည် တရုတ်၏ တရားမဝင်သိမ်းပိုက်မှုနှင့် တိဗက်တွင် တရုတ်ကျူးလွန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို နှစ်ပေါင်းများစွာ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ တိဗက်လူမျိုးများသည် လွတ်လပ်ရေး နှစ်ပတ်လည်နေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပကြပြီး တိဗက်ကို လွတ်လပ်သောနိုင်ငံအဖြစ် ကြွေးကြော်ကြသည်။

ပါရီမြို့ဆန္ဒပြပွဲတွင် လူ ၅၀ ခန့် ပါဝင်ခဲ့ကြပြီး တိဗက်တွင် တရုတ်တို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဆုံးသတ်ရန်နှင့် တရုတ်နိုင်ငံ၏ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် တောင်းဆိုသည့် ကြွေးကြော်သံများကို အော်ဟစ်ခဲ့ကြသည်။

“တိဗက်လွတ်လပ်ရေး ၁၁၀  နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ ဒီနေ့ ကျွန်မတို့ ပါရီမြို့ဆီ ရောက်လာကြတာပါ” ဟု ပြင်သစ်မှ တိဗက်လွတ်မြောက်ရေး ကျောင်းသားများအဖွဲ့ ဥက္ကဋ္ဌ တန်ဇင်းခိုဒန်က ပြောကြားခဲ့သည်။

“ဘယ်လိုနိုင်ငံရေးစနစ်မျိုး လိုချင်လဲဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်မယ့် အချုပ်အခြာအာဏာပိုင် ပြည်သူတွေရဲ့ အခွင့်အရေးကို ကိုယ်စားပြုတဲ့ ပွဲဖြစ်လို့  ဒီနေ့ဟာ အလွန်အရေးပါတဲ့နေ့တစ်နေ့ပါ။ ဒါဟာ ကမ္ဘာ့ပြည်သူအားလုံးအတွက် ပေးအပ်ထားတဲ့ နိုင်ငံတကာအခွင့်အရေးဖြစ်ပေမယ့် တိဗက်လူမျိုးတွေ အတွက်တော့ ဆုံးရှုံးနေတာ နှစ်ပေါင်း ၁၁၀ ရှိပါပြီ" ဟု သူမက ပြောသည်။

"ဒီနှစ်ပတ်လည်အထိမ်းအမှတ်အနေနဲ့ ပါရီမြို့က တိဗက်လူငယ်လေးတွေ ဒီနေရာကို စုဝေးရောက်ရှိနေဖို့ အထူးအရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့အထိ ကျွန်မတို့ ပြောခဲ့သလိုပဲ အသက် ၄ နှစ်လောက်ထိငယ်သူအပါအဝင် ကလေး ၁ သန်းကျော်ဟာ ကိုလိုနီခေတ်ပုံစံဘော်ဒါဆောင်တွေမှာ နေကြရတယ်။ မိသားစုနဲ့အတင်းအကျပ် ခွဲခြားခံထားရတယ်။ ကလေးတွေဟာ တွေးခေါ်ဖို့၊ ပြောဆိုဖို့နဲ့ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အထိ တရုတ်ဘာသာစကားနှင့် မန်ဒရင်းဘာသာ စကားကို သင်ယူကြရတယ်” ဟု တန်ဇင်းခိုဒန်က ပြောကြားခဲ့သည်။

တရုတ်အစိုးရနှင့် ရဲများသည် တိဗက်လူမျိုးများ၏ DNA ကို  စုဆောင်းနေကြောင်းလည်း တန်ဇင်းက စွပ်စွဲခဲ့သည်။
ထိုနေ့နှောင်းပိုင်းတွင် ပါရီမြို့ရှိ Maison des Associations အိမ်တော်၌ တိဗက်လွတ်လပ်ရေးသမိုင်းကြောင်းကို ဆွေးနွေးသည့် ညီလာခံလည်း ကျင်းပခဲ့သည်။ 

တိဗက်လူမျိုးများသည် နှစ်စဉ်နှစ်တိုင်း တိဗက်လွတ်လပ်ရေး နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကျင်းပကာ တိဗက်ကို လွတ်လပ်သောနိုင်ငံအဖြစ် ကြေညာကြပြီး တရုတ်နိုင်ငံ၏ တရားမဝင် သိမ်းပိုက်မှုအောက်တွင် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသော တိဗက်လူမျိုးများနှင့် တစ်သားတည်းရှိကြောင်း  ဖော်ပြကြရန် နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုကြသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly