တရုတ်တွင် စံချိန်တင်နိမ့်ကျနေသော ကလေးမွေးဖွားနှုန်းကို မြှင့်တင်ရန် ရင်သွေးရရှိရေး အခမဲ့ကုသမှုပေးမည်

By CNN
18 February 2023
တရုတ်တွင် စံချိန်တင်နိမ့်ကျနေသော ကလေးမွေးဖွားနှုန်းကို မြှင့်တင်ရန် ရင်သွေးရရှိရေး အခမဲ့ကုသမှုပေးမည်

တရုတ်နိုင်ငံသည် ကျဆင်းနေသော ကလေးမွေးဖွားနှုန်းကို ပြန်လည်မြှင့်တင်သည့်အနေဖြင့် နိုင်ငံတော်၏အာမခံအစီအစဉ်အရ နိုင်ငံသားများအား ရင်သွေးရရှိရေးအခမဲ့ကုသပေးရန် စီစဉ်လျက်ရှိသည်။

ကိုယ်ဝန်ဆောင်ရန် ကြိုးစားနေသော မိသားစုများအတွက် ကုန်ကျစရိတ်များကို မျှဝေကျခံပေးမည့် အစီအစဉ်ကို တိုးချဲ့သွားမည်ဖြစ်ကြောင်း နိုင်ငံတော် ကျန်းမာရေးစောင့်ရှောက်မှုနှင့်လုံခြုံရေးစီမံခန့်ခွဲမှုအဖွဲ့က ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ လူဦးရေကျဆင်းလာမှုသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြီးမားဆုံး အတားအဆီးတစ်ခုဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောကြားခဲ့ပြီး မျိုးမပွားနိုင်သည့် အခက်အခဲ လျှော့ချရေးကိုကူညီရန် မျိုးဥများများထွက်စေသည့် ဆေးဝါးများပေးခြင်းကိုလည်း အခမဲ့ကုသမှုအစီအစဉ်တွင် ထည့်သွင်းထားကြောင်း အလေးပေးပြောကြားခဲ့သည်။

ထပ်မံတိုးချဲ့ထားသော ရင်သွေးရရှိရေး အခမဲ့အစီအစဉ်သည် ပြည်သူများ အိမ်ထောင်ပြုရန်နှင့် ကလေးများထပ်ယူရန် တရုတ်အာဏာပိုင်များ၏ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ ကလေးမွေးဖွားနှုန်းသည် နှစ်ပေါင်းများစွာ ကျဆင်းလာခဲ့ပြီး ပြီးခဲ့သည့်နှစ်က နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံး လူဦးရေကျဆင်းမှုကို ကြုံတွေ့ခဲ့သည်။
တရုတ်နိုင်ငံ၏လူဦးရေသည် ၂၀၂၂ ခုနှစ်တွင် ၁ ဒသမ ၄၁၁ ဘီလီယံအထိ ကျဆင်းခဲ့ကာ ယခင်နှစ်ကထက် လူပေါင်း ၈၅၀ ၀၀၀ ဦးခန့် နည်းပါးသွားကြောင်း တရုတ်နိုင်ငံစာရင်းအင်းဗျူရို (NBS) က ပြောကြားခဲ့သည်။

ထို့ပြင် ကလေးမွေးဖွားနှုန်းသည် လူ ၁၀၀၀ လျှင် ၆ ဒသမ ၇၇ ဦးနှုန်းဖြင့် စံချိန်တင် နိမ့်ကျသွားခဲ့သည်။ တရုတ်တွင် ၂၀၂၁ ခုနှစ်က ကလေး ၁၀ ဒသမ ၆၂ သန်းမွေးဖွားခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ၉ ဒသမ ၅၆ သန်းသာ မွေးဖွားခဲ့သည်။

တရုတ်နိုင်ငံမှ အမျိုးသမီးအများအပြားသည် ငွေကြေးအခက်အခဲများနှင့် အလုပ်အကိုင် ဦးစားပေးရေး အကြောင်းပြချက်များဖြင့် အိမ်ထောင်ပြု နောက်ကျလာပြီး ကလေးမယူရန် ဆုံးဖြတ်လာကြကြောင်း တရုတ် ရန်မင်တက္ကသိုလ်မှ ပါမောက္ခ ချန်းဝေက ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly