စွမ်းအင်လိုအပ်ချက်မြင့်မားမည့် အနာဂတ်ကာလ လက်နက်များအတွက်  လျှပ်စစ်ဓာတ်အားပေးစက်ကို တီထွင်ထားကြောင်း တရုတ်သိပ္ပံပညာရှင်များ ပြောကြား 

By The Star 
17 February 2023
စွမ်းအင်လိုအပ်ချက်မြင့်မားမည့် အနာဂတ်ကာလ လက်နက်များအတွက်  လျှပ်စစ်ဓာတ်အားပေးစက်ကို တီထွင်ထားကြောင်း တရုတ်သိပ္ပံပညာရှင်များ ပြောကြား 

အနာဂတ်ကာလတွင် ထွက်ပေါ်လာမည့် လက်နက်များ၏ လျှပ်စစ်ဓာတ်အားအများအပြား လိုအပ်ချက်အတွက်  အသံထက်ပိုမိုမြန်ဆန်စွာ ရွှေ့လျားနိုင်သော  ဓာတ်ငွေ့အပူများကို လျှပ်စစ်အဖြစ်သို့ ပြောင်းလဲ ထုတ်လုပ်ပေးနိုင်မည့် ဓာတ်အားထုတ်စက်တစ်မျိုးကို တီထွင်ထားကြောင်း ပေကျင်းမြို့ရှိ သိပ္ပံပညာရှင်များက ပြောကြားလိုက်သည်။ 

စစ်ဘက်ဆိုင်ရာ လေဆာရောင်ခြည်များ၊ မိုက်ခရိုဝေ့ဖ်လက်နက်များ၊ လျှပ်စစ်သံလိုက်ဒုံးလောင်ချာများနှင့် အခြားစွမ်းအင်သုံးလက်နက်များကို အားသွင်းရာတွင် အဆိုပါဓာတ်အားပေးစက်မှထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားကို အသုံးပြုနိုင်ကြောင်း တရုတ်သိပ္ပံအကယ်ဒမီလက်အောက်ရှိ စက်ယန္တရားဆိုင်ရာလေ့လာရေးတက္ကသိုလ်မှ လက်ထောက်သုတေသီ ကျန်ရှောက်ယွမ်ဦးဆောင်သောအဖွဲ့က ဆိုသည်။

အဆိုပါကိရိယာသည် ယခင်စမ်းသပ်မှုများတွင် ထွက်ရှိခဲ့သည့် စွမ်းအင်ပမာဏထက် ၁၀ ဆ ပိုမိုထုတ်လုပ်နိုင်ခဲ့ကြောင်း ဇန်နဝါရီ ၁၉ ရက်ထုတ် သီအိုရီနှင့်အသုံးချစက်မှုပညာတရုတ်ဂျာနယ်တွင် ပညာရှင်များသုံးသပ်ထားသော စာတမ်း၌ ဖော်ပြထားသည်။ 
သုတေသနအဖွဲ့၏ ဂျင်နရေတာကို အသံထက်မြန်သော လက်နက်များထုတ်လုပ်မှုဆိုင်ရာ သုတေသနဌာနတွင်  တပ်ဆင်စမ်းသပ်ခဲ့သည်။

လေကြောင်းကာကွယ်ရေးစနစ်ကို ထိုးဖောက်နိုင်သော အသံထက် ၅ ဆမြန်သော အလျင်ဖြင့်သွားနိုင်သည့် ဒုံးကျည်များထုတ်ရန်ရည်ရွယ်ချက်ဖြင့် တရုတ်က အသံထက်မြန်သောလက်နက်များအစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

တရုတ်သည် အသံထက်မြန်သော လက်နက်များအစီအစဉ်တွင် အမြောက်အမြား ရင်းနှီးမြှုပ်နှံခြင်းဖြင့် ပစ္စည်းသစ်များ၊ ဆက်သွယ်ရေးနည်းပညာနှင့် ဉာဏ်ရည်တုနည်းပညာ ကဲ့သို့သော ကဏ္ဍများမှ သုတေသနများကို မြှင့်တင်ပေးခဲ့သည်။

တရုတ်အစိုးရသည် အသံထက်မြန်သောသုနေသနအစီအစဉ်များတွင် သိပ္ပံပညာရှင်များ ပိုမိုပါဝင်လာရန်နှင့် အရပ်သားအတွက်နည်းပညာများ ဖော်ဆောင်ရန် အားပေးသည့်အနေဖြင့် ယမန်နှစ်က ငွေကြေးမူဝါဒသစ်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။  ထိုအရပ်သားဆိုင်ရာနည်းပညာများကို ယခုအခါ စစ်ဘက်က အများဆုံး အသုံးပြုလာသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly