တရုတ် သူလျှိူမိုးပျံပူဖောင်းက စစ်ရေးသတင်းစုဆောင်းရန် စီစဉ်ထားကြောင်း အမေရိကန်ပြော

By ANI 
17 February 2023
တရုတ် သူလျှိူမိုးပျံပူဖောင်းက စစ်ရေးသတင်းစုဆောင်းရန် စီစဉ်ထားကြောင်း အမေရိကန်ပြော

တရုတ်သူလျှိုမိုးပျံပူဖောင်းသည် စစ်ရေးအရတန်ဖိုးရှိသော သတင်းများကို စုဆောင်းမှုနှင့် ဆက်နွှယ်နေကြောင်း အမေရိကန်အစိုးရ နိုင်ငံတော်လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ဖေဖော်ဝါရီလ ၁၃ ရက်တွင် အတည်ပြုပြောကြားလိုက်သည်။

တရုတ်နိုင်ငံတွင် စစ်ရေးသတင်းစုဆောင်းရန် အမြင့်ပျံ မိုးပျံပူဖောင်းအစီအစဉ်တစ်ခုရှိပြီး ယင်းက တရုတ်စစ်တပ်နှင့်ဆက်စပ်နေကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဂျွန်ကာဘီက ပြောကြားခဲ့သည်။

တရုတ်သူလျှိုမိုးပျံပူဖောင်းအစီအစဉ်သည် အမေရိကန်၏ အရင်းနှီးဆုံးမဟာမိတ်များနှင့် မိတ်ဖက်များကို ပစ်မှတ်ထားသော်လည်း ကိရိယာများသည် အကန့်အသတ်ဖြင့်သာ ထောက်လှမ်းနိုင်သည့်စွမ်းရည်ရှိသည်ဟု ဆိုသည်။

"အဲ့ဒီ ထောက်လှမ်းရေး မိုးပျံပူဖောင်းတွေဟာ မိမိတို့ရဲ့ မဟာမိတ်တွေနဲ့ မိတ်ဖက်တချို့ အပါအဝင် နိုင်ငံ ဒါဇင်ပေါင်းများစွာကို ဖြတ်ကျော်ပျံသန်းခဲ့တယ်ဆိုတာ သိပါတယ်။ ဒီပူဖောင်းတွေဟာ တရုတ်ရဲ့ တခြားစစ်ရေးသတင်းပလက်ဖောင်းအတွက် အခုချိန်မှာ အကန့်အသတ်နဲ့သာ အထောက်အကူပြုပေမယ့် အနာဂတ်မှာ ပိုပြီးအရေးပါလာနိုင်ပါတယ် " ဟု ကာဘီက ထပ်မံပြောကြားခဲ့သည်။ 

အမေရိကန်သည် မကြာသေးမီက ပစ်ချခဲ့သည့် အမျိုးအမည်မသိ အရာဝတ္ထုများ၏ ပိုင်ရှင်ကိုလည်း မသိကြောင်း ကာဘီက အတည်ပြုခဲ့သည်။
သမ္မတ ဒေါ်နယ်ထရန့်လက်ထက်တွင်လည်း အလားတူ သူလျှိုမိုးပျံပူဖောင်းအစီအစဉ်မျိုး ရှိခဲ့ပြီး ၎င်းတို့က ဘိုင်ဒင်အစိုးရအဖွဲ့ကဲ့သို့ ထောက်လှမ်းဖော်ထုတ်နိုင်ခြင်း မရှိခဲ့ဟု ကာဘီက ဆိုသည်။

အမေရိကန်သည် တောင်ကာရိုလိုင်းနားကမ်းရိုးတန်းတွင် တရုတ်သူလျှိုမိုးပျံပူဖောင်းကို ဖေဖော်ဝါရီ ၄ ရက်က ပစ်ချပြီးနောက် အမေရိကန်လေပိုင်နက်တွင် အမျိုးအမည်မသိ အရာဝတ္ထု ၂ ခုနှင့် ကနေဒါလေပိုင်နက်တွင် ၁ ခု ထပ်မံပစ်ချခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly