တောင်တရုတ်ပင်လယ်အတွင်း တရုတ်သင်္ဘောက ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ရေယာဉ်ကို လေဆာရောင်ခြည်ဖြင့် နှောင့်ယှက်ခဲ့

By ANI 
17 February 2023
တောင်တရုတ်ပင်လယ်အတွင်း တရုတ်သင်္ဘောက ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ရေယာဉ်ကို လေဆာရောင်ခြည်ဖြင့် နှောင့်ယှက်ခဲ့

တောင်တရုတ်ပင်လယ်ပြင်တွင် ပြီးခဲ့သည့်သီတင်းပတ်က တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောတစ်စင်းသည် ဖိလစ်ပိုင်ကမ်းခြေစောင့်ရေယာဉ်မှ တပ်ဖွဲ့ဝင်အချို့အား စစ်ဘက်သုံး လေဆာရောင်ခြည်ဖြင့်ထိုးခဲ့သဖြင့် မျက်စိများပြာကာ ခဏတာ အမြင်အာရုံဝေဝါးခဲ့သည်ဟု ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG) က ပြောဆိုခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။ 

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်သင်္ဘောသည် စပရက်တလေကျွန်းစုများရှိ အနောက်ဖိလစ်ပိုင်ပင်လယ်မှ အေယောင်ဂင် (ဒုတိယမြောက် သောမတ်စ်) သောင်စွယ်ရှိ ဖိလစ်ပိုင်ရေတပ်အတွက် အလှည့်ကျ ရိက္ခာဖြည့်တင်းရေးတာဝန်ကို ဖော်ဖေဝါရီလ ၆ ရက်က ဆောင်ရွက်နေခြင်းဖြစ်သည်။ 

တရုတ်သင်္ဘောသည် ဖိလစ်ပိုင်သင်္ဘော၏ ကိုက် ၁၅၀ (၁၃၇ မီတာ) အကွာထိ ချဉ်းကပ်ပြီး အန္တရာယ်ရှိသော ခုတ်မောင်းမှုပြုလုပ်ခဲ့ကြောင်းကို အစိမ်းရောင်လေဆာရောင်ခြည်ဖြင့်ထိုးနေသည့် ဓာတ်ပုံများနှင့်အတူ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ၎င်း၏တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာတွင် ပို့စ်တင်ခဲ့သည်။

ဖိလစ်ပိုင်ကမ်းခြေစောင့်သင်္ဘော BRP Malapascua သည် အေယောင်ဂင်သောင်စွယ်မှ ၁၉ ဒသမ ၅ ကီလိုမီတာ (ရေမိုင် ၁၀ မိုင်) အကွာသို့ ရောက်ရှိချိန် ညနေ ၆ နာရီကျော်တွင် တရုတ်ကမ်းခြေစောင့်တပ်၏ ယာဉ်အမှတ် ၅၂၀၅ သည် အစိမ်းရောင်လေဆာရောင်ခြည်ဖြင့် ၂ ကြိမ်ထိုးခဲ့သည့်အတွက် ဖိလစ်ပိုင် သင်္ဘောပေါ်ရှိ ထိန်းချုပ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မျက်စိများပြာသွားပြီး ခဏတာ အမြင်အာရုံဝေဝါးခဲ့ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ပြောကြားခဲ့သည်။ 

"မည်သည့်နိုင်ငံသားဖြစ်စေ တစ်စုံတစ်ယောက်ရဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့ လုပ်ရပ်မှန်သမျှကို ရှုတ်ချပါတယ်" ဟု ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ဗိုလ်ချုပ်ကြီး အာတီမီယိုအဘူက ပြောကြားခဲ့သည်။
တရုတ်သင်္ဘောသည် ဖိလစ်ပိုင်သင်္ဘော BRP Malapascua ကို ရပ်တန့်ရန် သို့မဟုတ် လမ်းကြောင်းပြောင်းရန် သတိပေးသည့်သဘောဖြင့် ဖိလစ်ပိုင်သင်္ဘောဦးပိုင်းရှေ့ ၇ ဒသမ ၄ ကီလိုမီတာ (ရေမိုင် ၄ မိုင်) အကွာမှ ဖြတ်သန်း ခုတ်မောင်းခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိလစ်ပိုင်ရေယာဉ်သည် တရုတ်ထံမှ ခွင့်ပြုချက်မရှိဘဲ ရန်နိုင်းကျောက်တန်း၏ ရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု CNN သတင်းက ဖော်ပြခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly