ပစ်ချခံရသော တရုတ်သူလျှိုမိုးပျံပူဖောင်းမှ အီလက်ထရောနစ်အာရုံခံကိရိယာများ တွေ့ရှိ 

By ANI 
17 February 2023
ပစ်ချခံရသော တရုတ်သူလျှိုမိုးပျံပူဖောင်းမှ အီလက်ထရောနစ်အာရုံခံကိရိယာများ တွေ့ရှိ 

သံသယဖြစ်ဖွယ် တရုတ်သူလျှိုမိုးပျံပူဖောင်းမှ ထောက်လှမ်းရေးသတင်းအချက်အလက် စုဆောင်းရာတွင် အသုံးပြုခဲ့သည်ဟု ယူဆရသော အီလက်ထရောနစ်ကိရိယာနှင့် အဓိကအာရုံခံကိရိယာများကို ဆယ်ယူရရှိခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၁၃ ရက်တွင် ကြေညာသည်။

အဓိကအာရုံခံကိရိယာများ၊ အီလက်ထရောနစ်ပစ္စည်းများနှင့် မိုးပျံပူဖောင်း၏ အစိတ်အပိုင်းအတော်များများအပါအဝင် ပစ်ချခံရသည့်နေရာမှ အရေးပါသော အပျက်အစီးများကို တပ်ဖွဲ့ဝင်များက ဆယ်ယူနိုင်ခဲ့ကြောင်း အမေရိကန်စစ်တပ်၏ မြောက်ပိုင်းကွပ်ကဲမှုဌာနချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးလေဝသဆိုင်ရာ သုတေသနတွင် အဓိကအသုံးပြုသည့် အရပ်ဘက်သုံးလေသင်္ဘောဟု တရုတ်က ပြောကြားထားသည့် အဆိုပါ မိုးပျံပူဖောင်းကြီးသည် အမေရိကန်နိုင်ငံပေါ်တွင် ၁ ပတ်ကြာ ပျံသန်းပြီးနောက် ဖေဖော်ဝါရီ ၄ ရက်တွင် ပစ်ချခံခဲ့ရသည်။
မိုးပျံပူဖောင်း အစိတ်အပိုင်းများကို ရေတပ် တပ်ဖွဲ့ဝင်များက သမုဒ္ဒရာအတွင်းမှ ဆယ်ခဲ့ကြသည်။

အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (အက်ဖ်ဘီအိုင်) ၏ သက်သေအထောက်အထား ရှာဖွေရေးအဖွဲ့မှ အဖွဲ့ဝင်များသည် မိုးပျံပူဖောင်း၏ စောင့်ကြည့်ထောက်လှမ်းနိုင်သည့်အတိုင်းအတာကို ဆန်းစစ်ရန် အကြွင်းအကျန်များကို လေ့လာလျက်ရှိပြီး ပူဖောင်းတွင် တပ်ဆင်ထားသည့် လျှပ်စစ်ပစ္စည်းမှ အစိတ်အပိုင်းအများစုကို မလေ့လာရသေးပေ။ ယခုအခါ အရေးကြီးသော အီလက်ထရောနစ်ပစ္စည်းများကို စစ်တပ်က ရရှိထားပြီဖြစ်ကြောင်း New York Post သတင်းတွင် ဖော်ပြထားသည်။

တရုတ်သူလျှိုမိုးပျံပူဖောင်းကို တွေ့ရှိခဲ့မှုကြောင့် အမေရိကန် တာဝန်ရှိသူများသည် ၎င်းတို့လေပိုင်နက်အတွင်း ပျံသန်းနေနိုင်သည့် ရေဒါဖြင့် မထောက်လှမ်းနိုင်သော အခြား ပြည်ပထောက်လှမ်းရေးကိရိယာများအပေါ် သတိကြီးကြီးထားရန် ဖြစ်လာစေခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က အဆိုပါ အရာဝတ္ထုများသည် စစ်ရေးအရ ခြိမ်းခြောက်မှုမဟုတ်သော်လည်း အရပ်ဘက်လေကြောင်းအတွက် အန္တရာယ်ရှိပြီး ထောက်လှမ်းရေး သတင်းအချက်အလက်စုဆောင်းမှုဆိုင်ရာ ခြိမ်းခြောက်မှု ဖြစ်နိုင်သည်ဟု ဆိုသည်။

အမေရိကန် စစ်ဘက်အဖွဲ့များက ပစ်ချခဲ့သည့် တခြားအရာဝတ္ထု ၃ ခုမှ အပျက်အစီးများကို မဆယ်ယူရသေးကြောင်း အော်စတင်က ပြောကြားခဲ့ပြီး အဆိုပါ အရာဝတ္ထုများသည် တရုတ်သူလျှိုမိုးပျံပူဖောင်းထက် သိသိသာသာ သေးငယ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly