အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးမှုကိုခံရပြီး ၂၄ နာရီအတွင်း သတ်ဖြတ်ခံရသူ ၃၇၉ ဦးအထိရှိနေ

အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးမှုကိုခံရပြီး ၂၄ နာရီအတွင်း သတ်ဖြတ်ခံရသူ ၃၇၉ ဦးအထိရှိနေ

မဇ္ဈိမ။      ။ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကိုခံရပြီးနောက် ၂၄ နာရီအတွင်း သေဆုံးသူ (သို့မဟုတ်) စစ်ကြောရေး၌ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရသူ ၃၇၉ ဦးရှိပြီဖြစ်ကြောင်း လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Burma Human Rights Network (BHRN) မှ ထုတ်ပြန်သည်။

အာဏာသိမ်းခဲ့သည့် နှစ်နှစ်အတွင်းဖမ်းဆီးခံရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူပြည်သူ စုစုပေါင်း ၁၉,၅၂၁ ဦးရှိသည့်အနက် ၃,၂၈၅ ဦးသည် သတ်ဖြတ်ခံခဲ့ရကြောင်း AAPP နှင့် BHRN တို့မှ ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ ပြုစုထားသည့် စာရင်းများအရသိရသည်။

စစ်ကောင်စီ၏ သတ်ဖြတ်ခြင်းခံရသူများအနက် ၃၇၉ ဦးသည် ဖမ်းဆီးခံရပြီး ၂၄ နာရီအတွင်း သေဆုံးသူ (သို့မဟုတ်) စစ်ကြောရေး၌ ညှဉ်းပန်းနှိပ်စက်ခံရပြီး သတ်ဖြတ်ခံရသူများဖြစ်သည်။ ထိုသို့ သတ်ဖြတ်ခံရသူများသည် စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ခဲ့ပြီး ၁၆၆ ဦးအထိရှိခဲ့ကြောင်း သိရသည်။

“ ဒီလို ၂၄ နာရီအတွင်း စစ်တပ်ကဖမ်းပြီး စစ်ဆေးလို့သေသွားတယ်ဆိုတာကို စစ်ကောင်စီက သူတို့စစ်ဆေးနေရင်း သေသွားတာဖြစ်တဲ့အတွက် ဥပဒေနဲ့ ညီတယ်ဆိုပြီး ဇွတ်လုပ်မှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်လုံး သေသွားတာ ဖြစ်တဲ့အတွက် နိုင်ငံတကာရဲ့အမြင်မှာတော့ စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်တာပါပဲ” ဟု CDM ရှေ့နေတစ်ဦးက သုံးသပ်သည်။

ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ချမ်းမြအောင်စည်ရပ်ကွက်နေ အသက် ၁၅ နှစ်အရွယ် မောင်ကျော်မင်းခန့်သည် ၂၀၂၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ပြီး ဇွန်လ ၂၀ ရက်နေ့၌ အလောင်းလာယူရန် မိသားစုထံ စစ်တပ်ကဆက်သွယ်ခဲ့သည်။

အလားတူ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ စု-သက်မွေးဝမ်းကျောင်းသိပ္ပံမှ တာဝန်ခံ ဦးဇော်မြတ်လင်းသည်လည်း ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် အဖမ်းခံခဲ့ရပြီး မတ်လ ၉ ရက်နေ့တွင် မိသားစုဝင်များမှ ရုပ်အလောင်းကို သွားယူခဲ့ရသည်။

၎င်းတို့ နှစ်ဦးလုံးသည် သေဆုံးချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံးနီးပါး အညိုအမဲစွဲဒဏ်ရာများ ပြည့်နှက် နေကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများကပြောသည်။

စစ်ကောင်စီ၏ဖမ်းဆီးခြင်းကိုခံရပြီး စစ်ကြောရေး၌ ညဉ်းပန်းနှိပ်စက်ခံရကာသေဆုံးမှုများတွင် PDF၊ UG လူငယ်များလည်းပါဝင်ပြီး ၎င်းတို့မှာ လူမသိသူမသိသေဆုံးရခြင်းဖြစ်ကာ စစ်ကောင်စီက မိသားစုထံ ဆက်သွယ်ခြင်းမျိုး မရှိကြောင်းသိရသည်။

“ ၂၄ နာရီအတွင်း အများဆုံးသတ်ခံရတာက စစ်မြေပြင်မှာ ဖမ်းမိတဲ့သူ (PDF) တွေများတယ်။ တခြားအပြင်မှာ မိတဲ့သူတွေ သေတာကကျ စစ်တဲ့သူတွေရဲ့ဒေါသကြောင့် စစ်ဆေးရင်းသေတာ " ဟု CDM ရှေ့နေကဆိုသည်။

၎င်းကဆက်လက်၍ " မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေဟာ စစ်ကောင်စီက ဆွဲထားတဲ့ ဥပဒေဖြစ်ပြီးတော့ ပြုပြင်ပြောင်းလဲဖို့ တော်တော်ခက်နေတာဖြစ်တဲ့အတွက် စစ်ကောင်စီကို ပြည်တွင်းဥပဒေနဲ့ အရေးယူဖို့တော့ မဖြစ်နိုင်ဘူး” ဟု ပြောသည်။

စစ်ရာဇဝတ်မှုများကျူးလွန်နေသော စစ်ကောင်စီတပ်၏ လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) နှင့် နိုင်ငံတကာတရားရုံး (ICJ) တို့မှတစ်ဆင့် တရားစွဲနိုင်ရန် လူ့အခွင့်အရေးချိုးဖော်မှုများနှင့်ပတ်သက်၍ တိကျသည့်အချက်အလက်များ ပြုစုထားရန် လိုအပ်ကြောင်းလည်း ၎င်းက အကြံပြုသည်။

NUG အစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှလည်း စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုး
ဖောက်မှုများအား တိကျသောအချက်အလက်များဖြင့် တိုင်ကြားနိုင်ကြောင်း ထုတ်ပြန် အသိပေးထားသည်။တိုင်ကြားလာသော ပြည်သူ့ထံမှ ရရှိသောမှတ်တမ်းများအား စနစ်တကျကောက်ယူပြီး တရားမျှတမှုရရှိရန် ဆောင်ရွက်သွားမည့်အကြောင်း ကတိသစ္စာပြုထားသည်။

လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ (BHRN) ၏ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလ ၂ နှစ် အတွင်း မြန်မာနိုင်ငံအဝှမ်း၌ ၃,၂၈၅ ဦးသတ်ဖြတ်ခံထားရသည်။ ယင်းအနက် အမျိုးသမီး ၃၇၄ ဦး၊ အမျိုးသား ၂,၉၀၉ ဦးအပြင် LGBT နှစ်ဦးပါဝင်ကြောင်း သိရသည်။

စာတည်း ။ ။ Alden

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly