ဖိလစ်ပိုင်အလယ်ပိုင်းတွင် အင်အား ၆ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ် 

ဖိလစ်ပိုင်အလယ်ပိုင်းတွင် အင်အား ၆ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ် 

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် ကြာသပတေးနေ့က အင်အား ၆ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ကြောင်း အမေရိကန်ဘူမိတိုင်းတာရေးဌာနက ပြောပြီး သေကျေပျက်စီးမှုသတင်း မကြားသိရပေ။ 

အားပြင်းပြီး အနက်တိမ်သော ငလျင်သည် ကျွန်းစုနိုင်ငံအလယ်ပိုင်း မာစဘာတေးကမ်းရိုးတန်းပြည်နယ်၌ နံနက် ၂ နာရီကျော်လေးတွင် လှုပ်သွားခြင်း ဖြစ်သည်။ 

ငလျင်ဗဟိုမှာ ပြည်နယ်၏ ကမ်းရိုးတန်းကျေးရွာ မမီယာဂါမှ ခုနစ်မိုင်အကွာတွင် ဖြစ်သည်ဟု အမေရိကန်ဘူမိတိုင်းတာရေးက ဆိုသည်။ 

နောက်ဆက်တွဲငလျင် ၈၀ ထက်မနည်း လှုပ်သည်ဟု ဖိလစ်ပိုင် မြေငလျင်တိုင်းတာရေးဌာနက ပြောသည်။ 

“ငလျင်က အတော်လေး အားပြင်းတယ်”ဟု ပြည်နယ်ရဲချုပ် ရိုလီ အယ်ဘာနားက အေအက်ဖ်ပီသို့ ပြောသည်။ 

“ကျွန်တော် အိပ်နေတုန်း လှုပ်ခါပြီး နိုးလာတော့တာပဲ”ဟု ၎င်းက ပြောသည်။ 

ယင်းပြည်နယ်သည် ကျွန်းစုသုံးစုအနှံ့ နေထိုင်သူလူဦးရေ တစ်သန်းနီးပါး ရှိသည်။ 

ပြည်နယ်မြို့တော် မာစဘာတေးစီးတီးတွင် ပြည်နယ်ဆေးရုံအပါအဝင် အဆောက်အအုံအချို့ နံရံများ အက်သွားကြောင်း ပြည်နယ်သဘာဝဘေးတာဝန်ရှိသူ ဒီလာအိုက ဌာနေမီဒီယာများသို့ ပြောသည်။ 

ယင်း ဆေးရုံမှ လူနာများကို ရွှေ့ပြောင်းပေးထားရသည်ဟု ၎င်းက ဆိုသည်။ 

မြို့ရှိ အားကစားနှင့် ဖျော်ဖြေရေးခန်းမ မျက်နှာကြက် ပြိုကျပျက်စီးသည်။ 

“ဓာတ်တိုင်တွေက လှုပ်ယမ်းနေတယ်၊ ပါကင်ထိုးထားတဲ့ ကားတွေတောင် လှုပ်နေတယ်”ဟု ဒီလာအိုက ပြောသည်။ 

အဆောက်အအုံများ၏ အခြေအနေကို ကြည့်ရှုစစ်ဆေးရန်အတွက် အစိုးရလုပ်ငန်းကို ရပ်ဆိုင်းထားကြောင်း မြို့တော်ဝန် တူအာဆန်က ပြောသည်။ 

ဒေသခံအချို့က နေအိမ်များမှ ထွက်ပြေးကြသည်ဟုလည်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

“နောက်ဆက်တွဲ ငလျင်လှုပ်မှာစိုးလို့ ကျွန်တော်တောင် အပြင်ထွက်နေခဲ့တယ်”ဟု ၎င်းက တာဝန်ရှိသူက ပြောခဲ့သည်။ 

ဖိလစ်ပိုင်တွင် နောက်ဆုံး ငလျင်လှုပ်ထားသည်မှာ မြောက်ပိုင်း၌ အောက်တိုဘာလအတွင်းက အင်အား ၆ ဒသမ ၄ ဆင့်ရှိ ငလျင်ဖြစ်ပြီး လူအချို့ ထိခိုက်ဒဏ်ရာရကာ အဆောက်အအုံ ပျက်စီးမှုများရှိပြီး နယ်မြေတော်တော်များများ လျှပ်စစ်မီး ပြတ်တောက်ခဲ့သည်။ 

ပြီးခဲ့သည့် ဇူလိုင်လကလည်း တောင်ထူထပ်ရာ အက်ဘရာဒေသ၌ အင်အား ၇ ဒသမ ၀ အဆင့်ရှိ ငလျင်လှုပ်ရာ မြေပြိုမှုများ ဖြစ်ပေါ်ပြီး လူ ၁၁ ဦး သေဆုံးကာ ရာနှင့်ချီ၍ ထိခိုက်ဒဏ်ရာရခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly