အမေရိကန်၏ ဝယ်လိုအား ကျဆင်းလာသည်နှင့်အမျှ တရုတ်စက်ရုံများ ဖိအားများလာ

By CNBC
16 February 2023
အမေရိကန်၏ ဝယ်လိုအား ကျဆင်းလာသည်နှင့်အမျှ တရုတ်စက်ရုံများ ဖိအားများလာ

တရုတ်နိုင်ငံတွင် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဖြေလျှော့ပြီးသော်လည်း စက်ရုံအချို့သည် အပြည့်အဝ လည်ပတ်နိုင်ခြင်း မရှိသေးပေ။ 

တရုတ်နိုင်ငံရှိ အမေရိကန် Basic Fun အရုပ်စက်ရုံ ၂၀ ခန့်သည်  အလုပ်သမားများအား နှစ်သစ်ကူးအားလပ်ရက် အပြီးတွင် အလုပ်သို့ ချက်ချင်းပြန်မလာရန် မှာထားကြောင်း အမှုဆောင်အရာရှိချုပ် ဂျေးဖိုးမန်းက ပြောသည်။

နွေရာသီနှင့် ဆောင်းဦးရာသီတွင် အမေရိကန်၌ စားသုံးသူစျေးနှုန်းများ မြင့်တက်ခဲ့ကာ  ပြီးခဲ့သည့်နှစ် ပထမနှစ်ဝက်မှ ကုန်ပစ္စည်းများ ပိုလျှံနေပြီး မရောင်းရသေးသောကြောင့် အလုပ်သမားများကို ပြန်မလာသေးရန် မှာကြားထားခြင်းဖြစ်ကြောင်း ဂျေးဖိုးမန်းက ပြောသည်။ 

တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံ အမေရိကန်သည် ပြီးခဲ့သည့်လအနည်းငယ်အတွင်း ဝယ်လိုအား ကျဆင်းသွားခဲ့သည်။ အမေရိကန်သို့ တရုတ်၏ ပို့ကုန်သည် ၂၀၂၂  ခုနှစ်တွင် တိုးတက်မှု မရှိသလောက်ဖြစ်ပြီး အမေရိကန်စီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် ပိုမိုနှေးကွေးမည်ဟု ခန့်မှန်းရသည်။
ထိုသို့ဖြစ်ရခြင်းမှာ ပြီးခဲ့သော နှစ်များစွာအတွင်း အရှိန်မြှင့်လာခဲ့သော အခွန်စည်းကြပ်မှုနှင့် နှစ်နိုင်ငံဆက်ဆံရေးတင်းမာမှုများကြောင့်ဖြစ်သည်။ 

"လုပ်ငန်းတိုးတက်လာမယ်လို့ မျှော်လင့်ထားပေမယ့်  ဖိအားတွေက အလွန်များနေပါတယ်။ စျေးကွက်အခြေအနေက ၂၀၂၃ ခုနှစ်မှာ အရမ်းအခက်အခဲဖြစ်လိမ့်မယ်လို့ ကြားတယ်။ အမေရိကန်ရဲ့ ဝယ်လိုအားက ကျဆင်းနေပြီး  ရုရှား-ယူကရိန်းစစ်ပွဲကလည်း မပြီးသေးဘူး”ဟု Jiangsu Green Willow Textile ၏ ဒါရိုက်တာ ရိုင်ယန်ဇို CNBC သတင်းဌာနသို့ ပြောသည်။  
အမေရိကန် ဖောက်သည်အချို့ကလည်း တရုတ်ဆီမှ ကုန်ပစ္စည်းမှာယူမှုများ မရှိတော့ပေ။

ပြည်ပဝယ်လိုအား ကျဆင်းမှုသည်  တရုတ်ပြည်တွင်း စီးပွားရေး၌ ကျွမ်းကျင်စက်ရုံလုပ်သားရှားပါးသည့် အလုပ်ခန့်မှုဆိုင်ရာပြဿနာရှိနေကြောင်း ပြသနေသည်ဟု CNBC သတင်းတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly