ဓားသွားထပ် ကလောင်သွားပိုထက်သလား | သတင်းသုံးသပ်ချက်

By လုံးကြီးတင်
16 February 2023
ဓားသွားထပ် ကလောင်သွားပိုထက်သလား | သတင်းသုံးသပ်ချက်

မြန်မာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရဖူးတဲ့ ဂျပန်သတင်းထောက်နဲ့ ဂျပန်လူမျိုး မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူတို့ စီစဉ်တဲ့ မြန်မာသတင်း အချက်အလက်များ ဖြန့်ဝေပေးရေး ပရောဂျက် Docu Athan ကို ဖေဖော်ဝါရီ ရက်နေ့က စတင် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာစစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရသူ ဂျပန်သတင်းထောက် Mr. Yuki Kitazuki နဲ့ မှတ်တမ်း ရုပ်ရှင် ရိုက်ကူးသူ Mr. Toru Kubota တို့ဟာ မြန်မာပြည်ရဲ့ သတင်းအချက်အလက်တွေကို ဂျပန်ဘာသာပြန်ဆိုပြီး ဂျပန်ပြည်သူတွေ သိရှိအောင် ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီဟာ သတင်းသမားတွေ၊ ရုပ်ရှင်ရိုက်ကူးသူတွေ၊ အနုပညာရှင်တွေ အပါအဝင် ဖန်တီးရှင် အများအပြားကို ဖမ်းဆီးခဲ့ပြီး စစ်ကောင်စီဖိနှိပ်မှုကြောင့် ပြည်တွင်းကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ အဲဒီ သတင်းသမားတွေနဲ့ အနုပညာရှင်တွေဟာ ပုန်းအောင်းလှုပ်ရှားနေရတဲ့ကြားက သတင်းအချက်အလက်တွေနဲ့ အနုပညာတွေကို ဖြန့်ဝေနေဆဲဖြစ်လို့ အဲဒါတွေကို ဂျပန်နိုင်ငံနဲ့ မိတ်ဆက်ပေးချင်တဲ့ရည်ရွယ်ချက်နဲ့ ဒီပရောဂျက်ကို ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

နောက်ရည်တစ်ခုကတော့ Docu Athan ကို စီစဉ်တဲ့ Mr. Yuki Kitazuki နဲ့ Mr. Toru Kubota တို့ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရာက ပြန်လည်လွတ်မြောက်လာချိန်မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် မြန်မာပြည်သူပြည်သားတွေနဲ့အတူ ပူးပေါင်းပါဝင်လိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပရောဂျက်ကို စီစဉ်တာဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။

မြန်မာစစ်ကောင်စီဟာ အဓမ္မ အာဏာသိမ်းပြီးနောက်ပိုင်း သူ့ကိုဆန့်ကျင်ဆန္ဒပြတဲ့ အနုပညာရှင် အများအပြားကို ဖမ်းဝရမ်းထုတ်ပြီး လိုက်လံဖမ်းဆီးတာ၊ သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာ ရုံးခန်းတွေကို ဝင်ရောက်မွှေနှောက်တာတွေ လုပ်ခဲ့ပါတယ်။ အဲဒီလိုဖမ်းဆီးရာမှာ နိုင်ငံခြားသတင်းသမားတွေ၊ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူတွေလည်း ပါဝင်ခဲ့ပါတယ်။

မြန်မာအနုပညာရှင်တွေနဲ့ သတင်းသမားတွေထဲက အဖမ်းခံရသူတွေရှိသလို၊ ထွက်ပြေးတိမ်းရှောင်ပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိသွားသူတွေလည်း ရှိပါတယ်။

စစ်ကောင်စီကြောင့် ပြည်တွင်းမှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ဘယ်လိုမှ အခြေစိုက်လို့မရတော့တဲ့ အနေအထားမို့ ပြည်ပနိုင်ငံတွေမှာ အခြေစိုက်ပြီး မြန်မာပြည်က သတင်းအချက်အလက်တွေကို ရယူ ဖြန့်ဝေနေရတာ နှစ်နှစ်ကျော် ကြာခဲ့ပါပြီ။

ဒါရိုက်တာ၊ မင်းသား၊ မင်းသမီး၊ အဆိုတော်၊ တေးရေး စတဲ့ အနုပညာရှင်တွေဟာလည်း နွေဦးတော်လှန်ရေးနဲ့ သက်ဆိုင်တဲ့ သူတို့ရဲ့ အနုပညာတွေကို လွတ်မြောက်နယ်မြေမှာ ဖန်တီးကြပြီး တော်လှန်ရေးအတွက် တတပ်တအား ပံ့ပိုးပါဝင်နေတာ တွေ့ရပါတယ်။

ဒါတွေကို သိရှိတဲ့ စစ်ကောင်စီအဖမ်းခံခဲ့ရသူ ဂျပန်နိုင်ငံသား သတင်းထောက်နဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူတို့ဟာ မြန်မာပြည်သူတွေ ခံစားနေရတဲ့ အခြေအနေနဲ့ စစ်ကောင်စီရဲ့ ရက်စက်ရုပ်မာမှုတွေကို ဂျပန်နိုင်ငံသားတွေ သိရှိစေဖို့ ဂျပန်ဘာသာပြန်ပြီး ပြန်လည်ဖြန့်ဝေမှာ ဖြစ်ပါတယ်။

လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေဟာ တော်လှန်ရေးအတွက် အရေးပါတဲ့ တစ်ထောင့်တစ်နေရာကနေ လှုပ်ရှားရုန်းကန်နေရပါတယ်။

နည်းပညာခေတ်ဖြစ်တဲ့အတွက် ပြည်တွင်းက မြန်မာပြည်သူတွေပေးပို့တဲ့ သတင်းတွေနဲ့ မှတ်တမ်းဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို ကမ္ဘာက သိရှိအောင် အချိန်နဲ့တပြေးညီ ကမ္ဘာကသိရှိအောင် ဖော်ပြပေးနိုင်တာလည်း ဒီမီဒီယာတွေပါပဲ။

ဒီမီဒီယာတွေကြောင့်သာ စစ်ကောင်စီရဲ့ လူမဆန်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကမ္ဘာက မြန်မြန်သိရှိရပြီး နွေဦးတော်လှန်ရေးရဲ့ ခြေလှမ်းတွေ ရှေ့မြန်မြန်ရောက်စေတာ ဖြစ်ပါတယ်။

စစ်ကောင်စီကို လူတောမတိုးနိုင်အောင်၊ လူရာမဝင်အောင်၊ တရားဝင်မှုမရှိအောင် လုပ်ဆောင်နိုင်တာလည်း ဒီလွတ်လပ်တဲ့ သတင်းမီဒီယာတွေပဲ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ သတင်းတွေကို ပုံဖျက်တာ၊ သတင်းမှားတွေဖြန့်ဝေတာ၊ ပြည်တွင်းမှာ ဝါဒဖြန့်တာ စတဲ့ပုံစံတွေနဲ့ လွတ်လပ်တဲ့မီဒီယာတွေကို တုန့်ပြန်တိုက်ခိုက်တာတွေ ရှိပါတယ်။

ဒါပေမယ့်လည်း ခေတ်နောက်ပြန်ဆွဲနေတဲ့ စစ်ကောင်စီရဲ့ တုန့်ပြန်တိုက်ခိုက်မှုတွေက လွတ်လပ်တဲ့ မီဒီယာတွေအပေါ် သက်ရောက်မှု မရှိသလောက်နည်းပါးသလို၊ နွေဦးတော်လှန်ရေးအပေါ်လည်း သက်ရောက်မှု မရှိပါဘူး။

အခုဆိုရင် ဂျပန်သတင်းသမားနဲ့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ နှစ်ဦးကြောင့် မြန်မာပြည်သူတွေနဲ့ စစ်ကောင်စီ အကြောင်းကို ဂျပန်ပြည်သူတွေပါ သိရှိကြရတော့မှာ ဖြစ်ပါတယ်။

ဓားသွားထပ် ကလောင်သွားထက်တယ်ဆိုတဲ့စကား ရှိပါတယ်။ နွေဦးတော်လှန်ရေး ကာလမှာတော့ ကလောင်သွားက စစ်ကောင်စီခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေကို ချောက်ထဲတွန်းပို့နိုင်မယ့် လက်နက်တစ်မျိုး ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly