ပုလဲနယ် ၁၄ ရွာ စစ်ကြောင်းထိုးမှုကြောင့် အရပ်သား ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရဟုဆို 

By 007 
15 February 2023
ပုလဲနယ် ၁၄ ရွာ စစ်ကြောင်းထိုးမှုကြောင့် အရပ်သား ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရဟုဆို 

(မဇ္စျိမ)။    ။ စစ်ကိုင်တိုင်း၊ ပုလဲမြို့နယ်ကျေးရွာများသို့၊ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုး၀င်ပြီး၊ ပျူစောထီးလက်နက်ကိုင်များက အကြမ်းဖက်လုယက်နေသဖြင့် အပြစ်မဲ့အရပ်သားပြည်သူ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။ 

“မနက်အစောကြီး စစ်တပ်ကစစ်ကြောင်းထိုးလာတယ်၊ ဒေသခံတွေက ရင်မဆိုင်ချင်လို့ ရှောင်ထွက်သွားကြတယ်၊ အဲဒီမှာ ပျူစောထီးတွေက လူမရှိတော့တဲ့အိမ်တွေကပစ္စည်းတွေကို လှည်းတွေနဲ့လာသယ်သွားတယ်၊ အခု စစ်တပ်က ပျူစခန်းမှာအထိုင်ချထားလို့ ဘယ်သူမှ အိမ်မပြန်ရဲကြဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ပုလဲမြို့တွင်းမှ ယနေ့ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၇ နာရီခန့်ကထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုကြောင့်၊ အင်ကြင်းစု၊ ကြိုးကြာဥ လှော်ကား၊ လက်ပုကန်၊ နွယ်ရှောက်၊ မွေ့တုံ၊ ကံကြီး၊ ကံပေါက် ၊ကုက္ကိုကုန်း၊ ညောင်ကုန်း၊ ဖိုကုန်း၊ လိန်ကုန်း၊ ရွာထင်၊ ရွာသာ စသည့်ပုလဲမြို့နယ်ရှိ ကျေးရွာပေါင်း ၁၄ ရွာက အပြစ်မဲ့အရပ်သားပြည်သူ ၁၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း သိရသည်။ 

ပြည်သူများထွက်ပြေးတိမ်းရှောင်နေစဉ်၊ အင်မထီးကျေးရွာပျူစခန်းမှ ပျူစောထီးများက ပြည်သူ့စည်းစိမ်ဥစ္စာများအား လှည်းအစီး ၂၀ ခန့်ဖြင့် ၀င်ရောက်သိမ်းယူသွားကြောင်း ဒေသတွင်းသတင်းများကဆိုကြပြီး၊ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

လက်ရှိတွင် အဆိုပါစစ်ကောင်စီစစ်ကြောင်းသည်၊ အင်မထီးပျူစခန်းတွင် အထိုင်စခန်းချလိုက်တာကြောင့်၊  ဒေသခံများနေရပ်မပြန်ရဲဖြစ်နေကြကြောင်းလည်းသိရသည်။ 

စစ်ကိုင်တိုင်း ပုလဲမြို့နယ်တွင်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က၊ ပုလဲမြို့ပေါ်မှကင်းပုန်းထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို၊ ယင်းမာပင်ခရိုင်တပ်ရင်း(၁၀) ဒေါင်းနက် နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က လေးယောက်သေဆုံးခဲ့သည်။ 

စစ်ကောင်စီတပ်ဘက်ကလည်း ထိုနေ့မတိုင်ခင်တစ်ရက်က၊ ဒေသအခြေစိုက်ပြောက်ကျားတပ်ဖွဲ့များအား ချုံခိုတိုက်ခိုက်ခဲ့ရာ ပြောက်ကျားရဲဘော်ခုနစ်ဦးကျဆုံးပြီး ကားသုံးစီးနှင့်ဆိုင်ကယ် တစ်စီးမီးရှို့ခံခဲ့ရသည်။ 

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ဒေသအခြေစိုက်ပြောက်ကျားတပ်ဖွဲ့များ စစ်ရေးတင်းမာနေပြီး၊ လက်နက်အင်အား လူအင်အားသာလွန်သည့်စစ်ကောင်စီတပ်က ဒေသတွင်းကျေးရွာများအား စစ်ကြောင်းထိုး၀င်ရောက်စီးနင်းမှုတို့ ပြုလုပ်နေကြောင်းသိရသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required