တော်လှန်ရေးအောင်မြင်ဖို့ အိမ်နီးချင်းနိုင်ငံတွေနဲ့မဟာမိတ်ဆက်ဆံရေးတည်ဆောက်ဖို့ လို

တော်လှန်ရေးအောင်မြင်ဖို့ အိမ်နီးချင်းနိုင်ငံတွေနဲ့မဟာမိတ်ဆက်ဆံရေးတည်ဆောက်ဖို့ လို

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေဟာ ပထဝီနိုင်ငံရေးကိစ္စနဲ့လည်း တိုက်ရိုက် သက်ဆိုင်နေတာကြောင့် အိမ်နီးချင်းနိုင်ငံတွေထဲမှာ နွေဦးတော်လှန်ရေးအပေါ်  မတူတဲ့ သဘောထား ထင်မြင်ချက်တွေ ရှိတာကို နားလည်ပြီး လက်တွေ့ကျတဲ့ သံခင်းတမန်ခင်း မူဝါဒတွေနဲ့ ရှေ့ဆက်ဖို့လိုတယ်လို့ ယူဆကြောင်းနဲ့ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေအဖြစ် အသွင်ပြောင်းတည်ဆောက်ရေးကို လက်တွေ့ကျကျ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက် ပြုလုပ်တဲ့ NUG အစိုးရ ၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီးတော့ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနဲ့ ဘေးချင်းကပ်လျက် နိုင်ငံတွေကို ကြည့်ရင် မတူတဲ့ နိုင်ငံရေးစနစ်တွေကို ကျင့်သုံးတာတွေ့ရတဲ့အပြင် မတူညီတဲ့ လူ့အဖွဲ့အစည်းနောက်ခံတွေ ရှိနေပြီးတော့ ဒါတွေကို နားလည်ပြီး လက်တွေ့ နိုင်ငံရေးမှာ အလုပ်ဖြစ်အောင် လုပ်ဆောင်ရေးကို တိုက်တွန်းလိုကြောင်းလည်း ယာယီသမ္မတက ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံအနှံ့အပြား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်ပြီးလို့ ၃ နှစ်တာ ကာလထဲကိုရောက်လာပြီဖြစ်လို့ တိကျတဲ့ နိုင်ငံရေးရလဒ်ထွက်အောင် ကြိုးစားကြဖို့လိုကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

တော်လှန်ရေးမှာယေဘုယျရှုမြင်ချက်တွေနဲ့ ရှေ့ဆက်လို့မရကြောင်းနဲ့ တိတိကျကျဆုပ်ဆုပ်ကိုင်ကိုင်ပြလို့ ရမယ့် နိုင်ငံရေး ရလဒ်တွေကို ပြည်သူကိုပေးဖို့နဲ့ လူထုနဲ့ ယုံကြည်မှု တည်ဆောက်တဲ့အခါမှာ လက်တွေ့ရလဒ်နဲ့ စည်းရုံးမှုတွေကသာ ရေရှည်တည်တံ့တယ်ဆိုတာ သိစေချင်ကြောင်း၊ ဒါကြောင့် လက်တွေ့နိုင်ငံရေးရလဒ်တွေနဲ့သာ လူထုကို စည်းရုံးကြဖို့ ယာယီသမ္မတကပြောပါတယ်။

ဘယ်လိုလက်တွေ့ကျတဲ့ စည်းရုံးမှုတွေ လုပ်ဖို့ဆိုတဲ့အသေးစိတ်ညွှန်ကြားချက်ကိုတော့ အဲဒီထုတ်ပြန်ချက်မှာမတွေ့ရပါဘူး။

ယာယီသမ္မတက အိမ်နီးချင်းနိုင်ငံတချို့ကိုထည့်ပြောသွားပြီး ဘယ်နိုင်ငံရယ်လို့ အတိအလင်းမပြောသွားပေမဲ့ လက်ရှိမှာ ထိုင်း နိုင်ငံဟာ စစ်ကောင်စီကို သံတမန်ခန့်အပ်လွှာပေးအပ်ထားသလို ထိုင်းစစ်တပ်က အဆင့်မြင့် ထိပ်တန်းအရာရှိကြီးတစ်ဦးလည်း ပြီးခဲ့တဲ့လက ငပလီကိုလာရောက်ပြီး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့တွေ့ဆုံထားပါတယ်။

ဒါ့အပြင်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယက နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်အဆင့်ရှိသူ ၂ ဦး မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး စစ်ခေါင်းဆောင်နဲ့ စစ်ကောင်စီဝန်ကြီးတချို့နဲ့လည်း တွေ့ဆုံခဲ့တာရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်ဟာလည်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရာမှာ အာဏာသိမ်းမှုဒဏ် ခံနေရတဲ့ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်နိုင်ရေးအတွက် ထိုင်းနိုင်ငံက ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပေးဖို့ ပြောကြားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly