တရုတ်၏ AI နည်းပညာသုံး သတင်းတင်ဆက်သူအတုများက လူမှုမီဒီယာပေါ်တွင် သတင်းမှားများဖြန့်နေ 

By RFA
15 February 2023
တရုတ်၏ AI နည်းပညာသုံး သတင်းတင်ဆက်သူအတုများက လူမှုမီဒီယာပေါ်တွင် သတင်းမှားများဖြန့်နေ 

တရုတ်နိုင်ငံသည် လူမှုမီဒီယာတွင် နိုင်ငံရေးအကြောင်းအရာများကို ဝါဒဖြန့်ရန် ဉာဏ်ရည်တုနည်းပညာ ( AI ) ဖြင့် ဖန်တီးထားသော သတင်းတင်ဆက်သူအတုများကို ပထမဆုံးအကြိမ်အဖြစ် အသုံးချခဲ့ကြောင်း အမေရိကန် သုတေသနကုမ္ပဏီ Graphika က ပြောသည်။

တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှစ၍  ကမ္ဘာတွင် သြဇာလွှမ်းမိုးမှုကို မြှင့်တင်ရန်နှင့် အမေရိကန်အကြောင်း မဟုတ်မမှန်သတင်းများ ဖြန့်ဝေရန် တရုတ်အစိုးရ၏ ဩဇာလွှမ်းမိုးမှု စစ်ဆင်ရေးဖြစ်သော Spamouflage ခေါ် အတုအယောင်ပြုလုပ်ခြင်းဖြင့် AI နည်းပညာသုံး လူရုပ်ပုံအတုများကို အသုံးပြုနေသည်ဟု နယူးယောက်မြို့ အခြေစိုက် လူမှုမီဒီယာဆန်းစစ်လေ့လာရေးအဖွဲ့ Graphika ၏ အစီရင်ခံစာတွင် ရေးသားထားသည်။  

Spamouflage သည် လူမှုမီဒီယာအသုံးပြုသူများကို ပစ်မှတ်ထားသည့် အကောင့်တုများမှတစ်ဆင့် တရုတ်ကို ချီးမွမ်းထောက်ခံသော၊ အမေရိကန်ကို ဝေဖန်သော၊ ဟောင်ကောင် ဒီမိုကရေစီရေးလှုပ်ရှားမှုနှင့် ထိုင်ဝမ်လွတ်လပ်ရေးတို့ကိုတိုက်ခိုက်သော ထောင်နှင့်ချီသည့် အကြောင်းအရာများအား ပို့စ်တင်ပေးရန် လုပ်ဆောင်သည်။

တရုတ်အစိုးရ၏ Xinhua သတင်းဌာနသည်  ၂၀၁၈ ခုနှစ်က အမျိုးသားတစ်ဦး၏ အသံ၊ ရုပ်၊ မျက်နှာအမူအရာနှင့် လူအစစ်တစ်ဦးကဲ့သို့ အပြုအမူများလုပ်ဆောင်နိုင်သည့် ကမ္ဘာ့ပထမဆုံး AI နည်းပညာသုံး သတင်းကြေညာသူကို ထုတ်ဖော်ပြသခဲ့သည်။
အဆိုပါရုပ်ပုံအတုကို Xinhua သတင်းဌာနှင့် တရုတ်အင်တာနက်ကုမ္ပဏီ Sogou.com တို့က ပူးပေါင်းဖန်တီးခဲ့ခြင်းဖြစ်သည်။

အင်္ဂလိပ်စကားပြောဖြင့်ဖန်တီးထားသော သတင်းကြေညာသူအတုသည် Xinhua ၏တရားဝင် ဝက်ဘ်ဆိုက်နှင့် လူမှုမီဒီယာပလက်ဖောင်းများတွင် တစ်နေ့လျှင် ၂၄ နာရီ အလုပ်လုပ်နိုင်သောကြောင့် သတင်းထုတ်လုပ်မှု ကုန်ကျစရိတ်ကို လျှော့ချနိုင်ကာ ထိရောက်မှုရှိကြောင်း Xinhua က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် လွန်ခဲ့သည့် ၁၀ စုနှစ်များအတွင်း AI နည်းပညာကို တီထွင်ဖန်တီးရေးကို အာရုံစိုက်လာခဲ့သည်။

တရုတ်သည် ဉာဏ်ရည်တုနည်းပညာ (AI) တွင် ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှုနှင့် ရန်ပုံငွေပံ့ပိုးပေးထားသော AI ကုမ္ပဏီသစ်အရေအတွက်အားဖြင့် အမေရိကန်ပြီးလျှင် ဒုတိယနေရာ၌ ရှိသည်ဟု ကမ္ဘာတစ်ဝန်းရှိ AI တိုးတက်မှုများကို အကဲဖြတ်သည့် Stanford တက္ကသိုလ်၏ ၂၀၂၂ ခုနှစ် AI အညွှန်းကိန်းတွင် ဖော်ပြထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly