သူလျှိုမိုးပျံပူဖောင်းကိစ္စ တရုတ်ကို ပြစ်တင်ရှုတ်ချရန် အမေရိကန်ကွန်ဂရက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်

By ANI 
15 February 2023
သူလျှိုမိုးပျံပူဖောင်းကိစ္စ တရုတ်ကို ပြစ်တင်ရှုတ်ချရန် အမေရိကန်ကွန်ဂရက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်

သူလျှိုမိုးပျံပူဖောင်းကိစ္စနှင့် အမေရိကန်၏အချုပ်အခြာအာဏာကို ထိပါးခြင်းတို့အတွက် တရုတ်နိုင်ငံအား ပြစ်တင်ရှုတ်ချသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို အမေရိကန် ကွန်ဂရက်လွှတ်တော်က အတည်ပြုလိုက်ကြောင်း Wall Street ဂျာနယ်တွင် ဖော်ပြထားသည်။

အမေရိကန်သည် လွန်ခဲ့သည့် သီတင်းပတ်နှောင်းပိုင်းကတည်းက သူလျှိုမိုးပျံပူဖောင်းကိစ္စကို ကိုင်တွယ်ဖြေရှင်းနေရချိန်တွင် ကွန်ဂရက်လွှတ်တော်က မိုးပျံပူဖောင်းနှင့်ပတ်သက်သည့် နောက်ထပ်သတင်းအချက်အလက်များကို တောင်းခံခဲ့သည်။
တရုတ်အားပြစ်တင်ရှုတ်ချသည့် ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၄၁၉ မဲ ကန့်ကွက်သူမရှိဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယင်းဆုံးဖြတ်ချက်ကို အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌ ရီပတ်ဘလစ်ကန်လွှတ်တော်အမတ် မိုက်ကယ်မက်ကောလ်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး သူလျှိုမိုးပျံပူးဖောင်းကိစ္စအပေါ် အကောင်းဆုံးတုံ့ပြန်ရန်နှင့် ဒီမိုကရက်အမတ်များက သဘောတူလက်ခံနိုင်မည့် ဥပဒေကြမ်းကို ဖော်ဆောင်ရန် ရီပတ်ဘလစ်ကန်ပါတီအတွင်း ဆွေးနွေးညှိနှိုင်းမှုများ၏ ရလဒ်ဖြစ်သည်။

အမေရိကန်အစိုးရက မိုးပျံပူဖောင်းနှင့်ပတ်သက်ပြီး ပိုမိုရှင်းလင်းသည့်အချက်အလက်များ ပေးပို့ခဲ့ပြီးနောက် မဲခွဲဆုံးဖြတ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 
အတ္တလန္တိတ်သမုဒ္ဒရာထက်တွင် အမေရိကန်စစ်တပ်က ပစ်ချခဲ့သော သံသယဖြစ်ဖွယ် တရုတ်သူလျှိုမိုးပျံပူဖောင်းသည် အချက်အလက်များကို ကြားဖြတ်ထောက်လှမ်း စုဆောင်းခြင်းလုပ်ငန်းကို လုပ်ဆောင်နိုင်သည်ဟု နိုင်ငံခြားရေးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၉ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်သူလျှိုမိုးပျံပူဖောင်းသည် တိုက်ကြီး ၅ ခုမှ နိုင်ငံပေါင်း ၄၀ ကျော်ကို ဖြတ်ကျော်ပျံသန်းခဲ့ကြောင်းလည်း ၎င်းအရာရှိက ထပ်မံ ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly