သူလျှိုမိုးပျံပူဖောင်းကိစ္စနှင့်ပတ်သက်ပြီး တရုတ်ကုမ္ပဏီ ၆ ခုကို အမေရိကန် အမည်ပျက်စာရင်းသွင်း

By ANI 
15 February 2023
သူလျှိုမိုးပျံပူဖောင်းကိစ္စနှင့်ပတ်သက်ပြီး တရုတ်ကုမ္ပဏီ ၆ ခုကို အမေရိကန် အမည်ပျက်စာရင်းသွင်း

အမေရိကန်လေပိုင်နက်ကို ဖြတ်ကျော်ပျံသန်းခဲ့သော တရုတ်သူလျှိုမိုးပျံပူဖောင်း ကိစ္စအပေါ် တုံ့ပြန်သည့်အနေဖြင့် အမေရိကန်အစိုးရက နည်းပညာအချို့ကို တရုတ်လေကြောင်းနှင့် နည်းပညာကုမ္ပဏီများထံ ရောင်းချမှုအား ဖေဖော်ဝါရီလ ၁၀ ရက်က တားမြစ်လိုက်ကြောင်း The New York Times သတင်းစာတွင် ဖော်ပြထားသည်။ 

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် တရုတ်ကုမ္ပဏီ ၅ ခုနှင့် သုတေသနဌာန ၁ ခုတို့အား အမည်ပျက်စာရင်းတွင် ထည့်သွင်းခဲ့သဖြင့် ကုမ္ပဏီများသည် အမေရိကန် ပစ္စည်းများနှင့် နည်းပညာများကို အထူးလိုင်စင်မရှိဘဲ ရောင်းချနိုင်တော့မည်မဟုတ်ပေ။

ယင်းသို့ တားမြစ်ချက်သည် တရုတ်အစိုးရ၏ ထောက်လှမ်းရေးမိုးပျံပူဖောင်းများ အသုံးပြုမှုကို တိုက်ရိုက်တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန် စက်မှုနှင့်လုံခြုံရေးဆိုင်ရာ ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး အလန်အက်စ်တီဗက်ဇ်က ပြောကြားခဲ့သည်ဟု The New York Times သတင်းတွင် ဖော်ပြခဲ့သည်။
အလက်စကာပြည်နယ်မှ တောင်ကာရိုလိုင်းနားအထိ ပျံသန်းလာသော တရုတ်သူလျှိုမိုးပျံပူဖောင်းကို အမေရိကန်ပြည်သူများနှင့် တာဝန်ရှိသူများက မြင်တွေ့ခဲ့ကြပြီး အမေရိကန်စစ်တပ်က ၎င်းအား အရှေ့ဘက်ကမ်းရိုးတန်းနားတွင် ဖေဖော်ဝါရီလ ၄ ရက်က ပစ်ချခဲ့သည်။ 

"တရုတ်က အဲဒီလို အမြင့်ပျံ မိုးပျံပူဖောင်းတွေ အသုံးပြုတာဟာ မိမိတို့ရဲ့ အချုပ်အခြာအာဏာကို ထိပါးတာပဲ၊ ဒါ့ပြင် အမေရိကန်ရဲ့လုံခြုံရေးကို ခြိမ်းခြောက်ခြင်းဖြစ်တယ်" ဟု အက်စ်တီဗက်ဇ်က ဖေဖော်ဝါရီလ ၁၀ ရက်က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။
အမည်ပျက်စာရင်းအသွင်းခံရသည့်ကုမ္ပဏီ ၆ ခုတွင် ပေကျင်းနန်ကျင်း လေကြောင်းအာကာသနည်းပညာကုမ္ပဏီ၊ တရုတ်လျှပ်စစ်နည်းပညာအုပ်စုကော်ပိုရေးရှင်း၏ အမှတ် (၄၈) သုတေသနဌာနနှင့် Dongguan Lingkong အဝေးထိန်းအာရုံခံစနစ် နည်းပညာကုမ္ပဏီတို့ ပါဝင်သည်။

ကျန်ကုမ္ပဏီ ၃ ခုမှာ Eagles Men လေကြောင်းသိပ္ပံနှင့်နည်းပညာ ကုမ္ပဏီအုပ်စု၊ Guangzhou Tian-Hai-Xiang လေကြောင်းနည်းပညာကုမ္ပဏီနှင့် Shanxi Eagles Men လေကြောင်းသိပ္ပံနှင့်နည်းပညာ ကုမ္ပဏီအုပ်စုတို့ ဖြစ်သည်။

ယခုကန့်သတ်ချက်များသည် မိုးပျံပူဖောင်းကိစ္စနှင့်ပတ်သက်၍ ဂျိုးဘိုင်ဒင်အစိုးရ၏ ပထမဆုံး စီးပွားရေး အရ လက်တုံ့ပြန်မှု ဖြစ်သည်။ အမေရိကန်အစိုးရသည် မိုးပျံပူဖောင်းကိစ္စအပေါ် မကျေနပ်ကြောင်းကို နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်ကို ဖျက်သိမ်းခြင်း အပါအဝင် သံတမန်လမ်းကြောင်းများမှတစ်ဆင့် ပြသထားပြီး ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly