ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့နှင့်ရေလုပ်သားများ ရန်ပြုခံရသည့်လုပ်ရပ်အပေါ် သမ္မတ မားကို့စ်က တရုတ်သံတမန်ကို ဆင့်ခေါ် ကန့်ကွက်

By Manila Bulletin
14 February 2023
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့နှင့်ရေလုပ်သားများ ရန်ပြုခံရသည့်လုပ်ရပ်အပေါ် သမ္မတ မားကို့စ်က တရုတ်သံတမန်ကို ဆင့်ခေါ် ကန့်ကွက်

တောင်တရုတ်ပင်လယ်  စပရက်တလေ ကျွန်းစုများအတွင်းရှိ အေယောင်ဂျင်းသောင်စွယ်မှ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ယာဉ်အား တရုတ်က စစ်ဘက်သုံး လေဆာရောင်ခြည်ဖြင့် ထိုးခဲ့သည့်အပေါ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် သံတမန်ရေးအရ ကန့်ကွက်ခဲ့ပြီး ထို့နေ့တွင်ပင် သမ္မတ ဘွန်ဘွန်းမားကို့စ်က တရုတ်သံအမတ်ကြီးကို ဆင့်ခေါ် ပြောဆိုခဲ့သည်။

“ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်နဲ့ ဖိလစ်ပိုင်ငါးဖမ်းသမားတွေအပေါ် တရုတ်ရဲ့  လုပ်ရပ်တွေ ပြင်းထန်လာပြီး အကြိမ်ရေများလာတဲ့အပေါ်  စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုဖို့ ဖိလစ်ပိုင်သမ္မတက တရုတ်သံအမတ်ကြီး ဟွမ်ရှီလျန်းကို ဒီနေ့မွန်းလွဲပိုင်းမှာ ဆင့်ခေါ်ခဲ့ပါတယ်။ တရုတ်က ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ရေယာဉ်တွေကို  စစ်ဘက်သုံး လေဆာရောင်ခြည်တွေနဲ့ ထိုးခဲ့တာပါ” ဟု သမ္မတ ဆက်သွယ်ရေးရုံး (PCO) အတွင်းရေးမှူး ချီလွိုင် ဂါရာဖဲက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် မနီလာမြို့ရှိ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် မားကို့စ်နှင့် ဟွမ်တို့သည် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ရရှိခဲ့သည့် သဘောတူညီချက်များကို အကောင်အထည်ဖော်ရေး၊ တွေ့ဆုံဆွေးနွေးမှုနှင့် ဆက်သွယ်ရေးကို အားကောင်းစေရေး၊ တရုတ်နှင့်ဖိလစ်ပိုင်တို့အကြား ရေကြောင်းဆိုင်ရာ ကွဲပြားမှုများကို မှန်ကန်စွာ စီမံခန့်ခွဲရေးနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ဖော်ပြခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်ကမ်းခြေစောင့်တပ်၏ ရေယာဉ် 5205  သည် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ယာဉ် BRP Malapascua ကို နောက်ယောင်ခံလိုက်ခြင်း ၊ နှောင့်ယှက်ခြင်း၊ အန္တရာယ်ရှိသော လှုပ်ရှားမှုများလုပ်ခြင်း၊ စစ်ဘက်သုံး လေဆာရောင်ခြည်ဖြင့် ထိုးခြင်းနှင့် တရားမဝင် ရေဒီယိုအချက်ပြမှုများ လုပ်ဆောင်ခဲ့မှုအပေါ် သံတမန်ရေးအရ ကန့်ကွက်ခဲ့သည်။ 

 သမ္မတမားကို့စ်၏ ဇန်နဝါရီလ တရုတ်နိုင်ငံခရီးစဉ်နောက်ပိုင်း ဖြစ်ပေါ်လာသည့် ယခုကဲ့သို့ တရုတ်၏ ရန်လိုမှု လုပ်ရပ်များသည် စိတ်အနှောက်အယှက်ဖြစ်ရပြီး စိတ်ပျက်စရာကောင်းကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရက်စီတာဒါဇာက ပြောသည်။

တရုတ်ခရီးစဉ်တွင် မားကို့စ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် အင်အားနှင့် ခြိမ်းခြောက်ခြင်းများကို မသုံးဘဲ သံတမန်ရေးရာနှင့် ဆွေးနွေးမှုများဖြင့် ရေကြောင်းဆိုင်ရာ ကွဲပြားမှုများကို စီမံခန့်ခွဲရန် သဘောတူခဲ့ကြသည် ဟု ဒါဇာက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်ရေတပ်သားများအား ခေတ္တမျှ အမြင်အာရုံဝေဝါးစေခဲ့သည့် တရုတ်၏ စစ်ဘက်သုံးလေဆာရောင်ခြည်ဖြင့် ထိုးခဲ့မှုကဲ့သို့ ပင်လယ်ရေကြောင်း ဖြစ်စဉ်များကို ဖြေရှင်းရန် တိုက်ရိုက် ဆက်သွယ်ရေးလမ်းကြောင်းထူထောင်ရေး နှစ်နိုင်ငံ ခေါင်းဆောင်များက သဘောတူခဲ့ကြသည်။

သို့သော် တရုတ်က ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ရေယာဉ်သည် တရုတ်၏ခွင့်ပြုချက်မရှိဘဲ ရန်းအိုင်သန္တာကျောက်တန်းအလွန် ရေပိုင်နက်သို့ ကျူးကျော်ဝင်ရောက်ခဲ့ကြောင်းနှင့်  တရုတ်၏ အချုပ်အခြာအာဏာနှင့် ရေကြောင်းဆိုင်ရာအမိန့်ကို တရုတ်ကမ်းခြေစောင့်တပ်က ကာကွယ်သည့်အနေဖြင့် လေဆာရောင်ခြည်ဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း အကြောင်းပြချက် ပေးခဲ့သည်။ 

ဖိလစ်ပိုင်က တရုတ်ကို  ယခုအကြိမ် သံတမန်ရေးအရကန့်ကွက်မှုသည် လက်ရှိ သမ္မတမားကို့စ်အစိုးရလက်ထက်တွင် ၇၅ ကြိမ်မြောက်ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly