မဇ္စျိမ။ ။ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းက စစ်ရှောင်များအတွက် ရှမ်းပြည်(တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု Southern Shan Local Revolution Union (S.S.L.R.U) မှဆန်၊ အဝတ်အထည်နှင့် အခြေခံစားသောက်ကုန်များ ဖေဖော်ဝါရီ ၁၃ ရက်နေ့က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ရှောင်စခန်းသို့ တစ်အိမ်ထောင်လျှင် ဆန် ငါးပြည်နှုန်းဖြင့် အိမ်ခြေ ၅၀ ကျော်ကို လှူဒါန်းပြီး အဝတ်အထည်များ၊ သောက်ရေသန့်များကိုလည်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
“ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ အမှတ်တရအနေနဲ့ အစကတော့ ပဲပြုတ်နဲ့နံပြားကျွေးဖို့ စီစဥ်ထားပေမယ့် အခက်အခဲတချို့ကြောင့် လက်ဖက်ရည်၊အီကြာကွေးနဲ့ စမူဆာတို့ကိုပဲ အစားထိုး လှူဒါန်းဖြစ်ပါတယ်။ ကျွန်တော်တို့ SSLRU မှ ရဲဘော်တွေက အဝတ်အထည်တွေ၊ ဆန်တွေအပြင် နေ့စဉ်သုံးရေတွေလည်း သွားရောက်လှူဒါန်းခဲ့ပါတယ်။”ဟု SSLRU အဖွဲ့မှ ရဲဘော်တစ်ဦးက ဆိုသည်။
အရေးပေါ်စားနပ်ရိက္ခာများ လိုအပ်လျက်ရှိနေသော စစ်ဘေးရှောင်ပြည်သူများအား လှူဒါန်းနိုင်ရန်အတွက် SSLRU အဖွဲ့ထံသို့ လှူဒါန်းထားသော အလှူငွေများအား ခြိုးခြံချွေတာသုံးစွဲပြီး ထမင်းတစ်နပ်၊ ဟင်းတစ်ခွက်လျှော့စားကာ စစ်ရှောင်ပြည်သူများအား ပြန်လည်မျှဝေလှူဒါန်းခြင်းဖြစ်ကြောင်း SSLRU အဖွဲ့က ပြောသည်။
“ကိုယ်ထမင်းတစ်နပ်လျော့စားရင် သူများကို အဲ့လျော့စားလိုက်တဲ့ ထမင်းတစ်နပ် ပြန်လှူနိုင်တယ် ဆိုသလိုပေါ့၊ စစ်ရှောင်တွေကို ဆန်တစ်ပြည်လှူနိုင်ဖို့ ကျွန်တော်တို့ရဲဘော်တွေ တစ်ပြည်ချွေတာသုံးစွဲရပါတယ်”ဟု SSLRU အဖွဲ့မှ ရဲဘော်တစ်ဦးက ဆိုသည်။
ယခုအလှူမှာ မိဘပြည်သူများ၏ ပါဝင်ကူညီမှုအင်အားကြောင့် ပိုမိုပြည့်စုံသော အလှူတစ်ခု ဖြစ်ခဲ့ကြောင်းနှင့် နောင်လည်း မိမိတို့တတ်နိုင်သလောက် ပါဝင်ကူညီပေးရန် SSLRU အဖွဲ့မှ တောင်းဆိုထားသည်။
SSLRU အဖွဲ့မှာ ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း လှုပ်ရှားလျှက်ရှိသော ဒေသခံတော်လှန်ရေးအင်အားစု(Local PDF) များနှင့် မြို့ပြပြောက်ကျားတပ်ဖွဲ့(UG)တို့ကို တစ်စုတစ်စည်းတည်း စုစည်း၍ ရှမ်းပြည်(တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစုအဖြစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)