ထိုင်ဝမ်က ယူကရိန်းစစ်ပွဲမှ သင်ခန်းစာယူပြီး ဒရုန်းတီထွင်မှုကို အရှိန်မြှင့်မည်

By Channel News Asia
14 February 2023
ထိုင်ဝမ်က ယူကရိန်းစစ်ပွဲမှ သင်ခန်းစာယူပြီး ဒရုန်းတီထွင်မှုကို အရှိန်မြှင့်မည်

ယူကရိန်းစစ်ပွဲကို သင်ခန်းစာယူ၍ တရုတ်နိုင်ငံ၏ ခြိမ်းခြောက်မှုကို ထည့်သွင်းစဉ်းစားကာ စစ်ရေးအတွက် ဒရုန်း တီထွင်ထုတ်လုပ်ရေးကို အရှိန်မြှင့်လုပ်ဆောင်မည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၇ ရက်တွင် ပြောသည်။

ရုရှားက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းအား ကျူးကျော်ဝင်ရောက်မှု ဖြစ်ခဲ့ပြီးနောက် မောင်းသူမဲ့ ဒရုန်းယာဉ်များသည် နှစ်ဖက်စလုံးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ယူကရိန်းကာကွယ်ရေးဝန်ကြီးက ဒရုန်းများကို ခေတ်မီစစ်ပွဲ၏ အနာဂတ်အဖြစ် မှတ်ယူကြောင်း ပြောကြားခဲ့သည်။

တရုတ်၏ ထိန်းချုပ်မှုအောက်သို့ သိမ်းသွင်းရန် အင်အားသုံး ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရသည့် ထိုင်ဝမ်သည် ယူကရိန်းစစ်ပွဲကို အနီးကပ် စောင့်ကြည့်နေကြောင်းနှင့် အင်အားသာသောတပ်ဖွဲ့ကို ယူကရိန်း၏ ခုခံတိုက်ခိုက်ပုံအပါအဝင် တရုတ်၏တိုက်ခိုက်မှုကို တန်ပြန်ရာတွင် အသုံးချနိုင်မည့် သင်ခန်းစာများကို လေ့လာနေသည်ဟု ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။ 

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဆန်လီဖန်က ထိုင်ဝမ်သည် ဒရုန်းတီထွင်ရေးနှင့် ထုတ်လုပ်မှုကို အရှိန်မြှင့်လုပ်ဆောင်နေသည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။
"လက်ရှိ ရန်သူရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်ပြီး  ယူကရိန်း-ရုရှား စစ်ပွဲမှာ ဒရုန်းတွေရဲ့ ယေဘုယျ အတွေ့အကြုံကို အသုံးချပြီးတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ဒရုန်းတွေအတွက် အင်အားမမျှတဲ့ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနဟာ ဒရုန်းအမျိုးမျိုးအတွက်  သုတေသနနဲ့ တီထွင်ထုတ်လုပ်မှုကို  အရှိန်မြှင့် လုပ်ဆောင်နေပါတယ်" ဟု ဆန်က ပြောသည်။

စစ်တပ်ပိုင် Chung-Shan သိပ္ပံနှင့်နည်းပညာဌာနသည် ဒရုန်းတီထွင်ထုတ်လုပ်ရေးတွင် ဦးဆောင်နေပြီး ပုဂ္ဂလိကကုမ္ပဏီများလည်း ပူးပေါင်းပါဝင်မည်ဟု ဆိုသည်။ 
အဆိုပါ နည်းပညာ အဖွဲ့အစည်း၏ Aeronautical Systems Research Division မှ ဒါရိုက်တာ ချီလီပင်းက ကင်းထောက်လှမ်းခြင်း ရည်ရွယ်ချက်များ အပါအဝင် စစ်တပ်အတွက် တီထွင်ဖန်တီးထားသော ဒရုန်းများကို အသေးစိတ်တင်ပြခဲ့သည်။ 
“ကျွန်တော်တို့နိုင်ငံရဲ့ ဒရုန်းတွေဟာ အမျိုးအစား၊ စွမ်းရည်နဲ့ သက်ဆိုင်ရာ နည်းပညာ အဆင့်တွေမှာ နိုင်ငံတကာ စံချိန်စံညွှန်းကို မီနေပါပြီ” ဟု ၎င်းက ဆိုသည်။

တရုတ်ကမ်းရိုးတန်းအလွန် ထိုင်ဝမ်ထိန်းချုပ်ထားသော ကျွန်းများသို့ တရုတ်ဒရုန်းများ ဝင်ရောက်လာခြင်းကိုလည်း ထိုင်ဝမ်က ကိုင်တွယ်ဖြေရှင်းနေရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly