တရုတ်က  သူလျှိုထောက်လှမ်းရေးမိုးပျံပူဖောင်းအစီအစဉ်ကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ကြောင်း ပင်တဂွန်ပြောကြား

By The Economics Times
13 February 2023
တရုတ်က  သူလျှိုထောက်လှမ်းရေးမိုးပျံပူဖောင်းအစီအစဉ်ကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ကြောင်း ပင်တဂွန်ပြောကြား

တောင်ကယ်ရိုလိုင်းနားကမ်းလွန်တွင် ပစ်ချခံခဲ့ရသော တရုတ်မိုးပျံပူဖောင်းသည် တရုတ်နိုင်ငံမှ နှစ်ပေါင်းများစွာ လုပ်ဆောင်နေသည့် ကြီးမားလှသောစောင့်ကြည့်ရေးအစီအစဉ်၏ အစိတ်အပိုင်းဖြစ်ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ပြောသည်။

အမေရိကန်သမ္မတ ထရမ့်နှင့် ဘိုင်ဒင်တို့လက်ထက်တွင် အလားတူမိုးပျံပူဖောင်းများသည် အမေရိကန်ပိုင်နက်ကို  ၄ ကြိမ်တိုင်တိုင် ဖြတ်ကျော်ဝင်ရောက်ခဲ့စဉ်က အမေရိကန်သည် ၎င်းတို့အား တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းများအဖြစ် ချက်ချင်းမဖော်ထုတ်နိုင်ခဲ့ကြောင်း ပင်တဂွန်မှပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ကြီး ပတ်ရိုက်ဒါက ပြောကြားခဲ့သည်။ 

သို့သော် နောက်ဆက်တွဲ ထောက်လှမ်းရေးဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုများအရ တရုတ်မိုးပျံပူဖောင်းများသည် သူလျှိုလုပ်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အမေရိကန်က အတည်ပြုနိုင်ခဲ့ပြီး ယင်းအစီအစဉ်ကို အများအပြား လေ့လာနိုင်ခဲ့သည်ဟု ရိုက်ဒါက ဆိုသည်။ 
ယခင် မိုးပျံပူဖောင်းများနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုမူ ရိုက်ဒါက ထုတ်မပြောခဲ့ပေ။ 

ဟာဝိုင်အီမှ ဗိုလ်ချုပ် ကန်းနက်ဟာရာက  လွန်ခဲ့သော ၁ နှစ်ကလည်း ကာဝါအီ (Kauai) ကျွန်းပေါ်မှ မိုးပျံပူဖောင်းတစ်လုံး ဖြတ်သွားကြောင်း တွစ်တာတွင် ရေးသားခဲ့သည်။ 

အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဌာနချုပ်က “ဟာဝိုင်ရီ ကျွန်းစုများအနီးတစ်ဝိုက် လေပိုင်နက်တွင် လွင့်မျောနေသည့် အမြင့်ပျံအရာဝတ္တု တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ကြားဖြတ်လေယာဉ်များ စေလွှတ်ခဲ့ကြောင်းနှင့် အမှတ်အသားမပါသည့် မိုးပျံဖောင်းတစ်လုံးဖြစ်သည်ကို တွေ့ရှိခဲ့ကြောင်း ပြောပြသည်။

အမေရိကန် တိုက်လေယာဉ်သည် ဖေဖော်ဝါရီ ၄ ရက်နေ့က မိုးပျံပူဖောင်းတစ်လုံးကို ပစ်ချခဲ့ပြီး ရေတပ်နှင့် ကမ်းခြေစောင့်တပ်တို့သည် အဆိုပါမိုးပျံပူဖောင်း အပိုင်းအစများကို လေ့လာဆန်းစစ်ရန် လုပ်ဆောင်နေကြဆဲဖြစ်သည်။

တောင်ကယ်ရိုလိုင်းနားကမ်းလွန်တွင် ရေတပ်မှ ရေငုပ်သမားများသည် ဖေဖော်ဝါရီလ ၇ ရက်နေ့က အပျက်အစီးများကိုရှာဖွေရန် Kingfish နှင့်  Swordfish ခေါ် ခေတ်မီဆန်းပြားသော ကင်းထောက်ဒရုန်းများကို အသုံးပြုကာ သမုဒ္ဒရာရေနက်ပိုင်းမှ တရုတ်သူလျှိုမိုးပျံပူဖောင်း၏ အပိုင်းအစများကို ဆယ်ယူခဲ့သည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly