အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့က  တရုတ်ကို ပစ်မှတ်ထားသည့် လေကြောင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်

By  The Economics Times
13 February 2023
အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့က  တရုတ်ကို ပစ်မှတ်ထားသည့် လေကြောင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်

အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့သည် တရုတ် တိုက်လေယာဉ်များအား အဆင့်မြင့်တိုက်ခိုက်မှု စစ်ဆင်ရေးနှင့် လေကြောင်းရန်ကာကွယ်ရေး သဏ္ဍာန်တူလှုပ်ရှားမှု အစိတ်အပိုင်းတစ်ခုအဖြစ် နီဗားဒါး သဲကန္တာရနှင့် အနီးတစ်ဝိုက်တွင် ဖေဖော်ဝါရီ ၈ ရက်က လေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်။

အမေရိကန်ဦးဆောင်သော ၃ ပတ်ကြာ Red Flag စစ်ရေးလေ့ကျင့်မှုတွင် Reuters သတင်းအဖွဲ့သည် ဗြိတိန်တပ်ဖွဲ့ဝင်များနှင့် နာရီပေါင်းများစွာ လိုက်ပါခဲ့ပြီး ဗြိတိန် KC-2 Voyager လောင်စာဆီတင် လေယာဉ်သည် ဖေဖော်ဝါရီ ၈ ရက်က အမေရိကန်နှင့် ဗြိတိန်တိုက်လေယာဉ်များအတွက် လောင်စာဆီ ဖြည့်ပေးခဲ့သည်။

Red Flag စစ်ရေးလေ့ကျင့်မှုကို ကြီးကြပ်သော အမှတ် ၄၁၄ တိုက်ခိုက်လေ့ကျင့်ရေးတပ်ခွဲ၏ တပ်မှူး အမေရိကန်လေတပ်မှ ဗိုလ်မှူးကြီး ဂျရတ်ဂျေဟတ်ချင်ဆန်က နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုများသည် လတ်တလောဖြစ်ရပ်များနှင့် မသက်ဆိုင်ကြောင်း ပြောကြားခဲ့သည်။ တောင်ကယ်ရိုလိုင်းနားကမ်းရိုးတန်းတွင် သံသယဖြစ်ဖွယ် တရုတ်သူလျှိုမိုးပျံပူဖောင်းကို အမေရိကန်တိုက်လေယာဉ်တစ်စီးက ဇန်နဝါရီ ၄ ရက်နေ့တွင် ပစ်ချခဲ့ပြီးနောက် တင်းမာမှုများ မြင့်တက်ခဲ့သည်။ 

"တရုတ်ဟာ အရှိန်ကောင်းလာတဲ့စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ကျွန်တော်တို့ အသင့်ဖြစ်အောင် လေ့ကျင့်ထားရမယ်။  တရုတ်အတွက် အဆင်သင့်ဖြစ်ပြီဆိုရင် ဘယ်သူ့အတွက်မဆို အသင့်အနေအထားဖြစ်ပြီလို့ ကျွန်တော်ထင်ပါတယ်” ဟတ်ချင်ဆန်က အမေရိကန်မူဝါဒကို ကိုးကား၍ ပြောကြားခဲ့သည်။
အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့သည် ပစိဖိတ်ဒေသတစ်လွှား စစ်ဆင်ရေးရင်ဆိုင်ရသည့်အခါ အလှမ်းဝေးကွာမှုကို ဖြေရှင်းရန်နှင့်  ၃ နိုင်ငံ၏ လေတပ်များ  အပြန်အလှန် စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်ရန် အဆိုပါစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခြင်းဖြစ်သည်။

Red Flag စစ်ရေးလေ့ကျင့်မှုသည် ရန်လိုသောနိုင်ငံမှ ကျူးကျော်ဝင်ရောက်သောနေရာသို့  လေတပ်ဖွဲ့များ ရောက်လာသည့် သဏ္ဍာန်တူ စစ်ရေးလေ့ကျင့်မှုဖြစ်ကြောင်း  ဗြိတိန်တော်ဝင်လေတပ်၏ လေကြောင်း စစ်‌ရေးလှုပ်ရှားမှုတပ်ဖွဲ့မှ တပ်မှူး ဂျွန်လိုင်လီက Reuters သို့ ပြောကြားခဲ့သည်။

"ဒါကြောင့် သိမ်းပိုက်ခံထားရတဲ့ ဧရိယာထဲကို ထိထိရောက်ရောက် ဝင်ရောက်နိုင်ဖို့နဲ့ ရန်သူရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းသွားစေဖို့အတွက် အဓိကအရာတွေကို ပစ်မှတ်ထားဖို့ တပ်ဖွဲ့ဝင်တွေကို ပံ့ပိုးကူညီမှာ ဖြစ်ပါတယ်" ဟု လိုင်လီက သဏ္ဍာန်တူလေ့ကျင့်မှုလုပ်ဆောင်သော ကျူးကျော်ခံရသည့် နေရာနှင့် တရုတ်အမည်တို့ကို မဖော်ပြဘဲ ပြောကြားခဲ့သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို ခွဲထွက်ပြည်နယ်တစ်ခု အဖြစ် ယူဆနေသော တရုတ်၏ ဖိအားပေးမှုနှင့် ပတ်သက်၍ ပင်တဂွန်စစ်ဌာနချုပ်သည် မကြာသေးမီနှစ်များအတွင်း စိုးရိမ်မှုများကို ထုတ်ဖော်ပြောဆိုလာခဲ့သည်။

စစ်ရေးလေ့ကျင့်မှုတွင် လောင်စာဆီတင်လေယာဉ်အပြင် ဗြိတိန်က  အဆင့်မြင့်တိုက်လေယာဉ် Eurofighter Typhoon များဖြင့်လည်းကောင်း သြစတြေးလျက EA-18G Growler အီလက်ထရောနစ်စစ်ပွဲသုံးလေယာဉ်ဖြင့်လည်းကောင်း  ပါဝင်ခဲ့သည်ဟု စစ်ရေးလေ့ကျင့်မှုစီစဉ်သူများက ပြောသည်။

အမေရိကန်အစိုးရသည် ကျူးကျော်လာသောရုရှားတပ်များကို တွန်းလှန်ရာတွင် ယူကရိန်းကိုကူညီရန် ဒေါ်လာဘီလီယံပေါင်းများစွာ မြှုပ်နှံထားသော်လည်း တရုတ်ကို အမေရိကန်စစ်တပ်၏ ဗျူဟာမြောက် ဦးစားပေးအဖြစ် သတ်မှတ်ထားသည်။

ရှီကျင့်ဖျင်က ၂၀၂၇ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို ကျူးကျော်ရန် ၎င်း၏ စစ်တပ်အား တိုက်ပွဲဝင်အသင့်ဖြစ်နေစေရေး အမိန့်ပေးထားသည်ကို အမေရိကန်က စစ်ရေးသတင်းအရ သိရှိထားကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ ဒါရိုက်တာ ဝီလျံဘန်းစ်က ပြီးခဲ့သည့် သီတင်းပတ်က ဝါရှင်တန်၌ ပြောကြားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly