အင်းတော်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့က မီးသွေးလုပ်ငန်းလုပ်ကိုင်သူကို PDF ဟု စွပ်စွဲဖမ်းဆီး

By ကိုခင်မောင်
11 February 2023
အင်းတော်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့က မီးသွေးလုပ်ငန်းလုပ်ကိုင်သူကို PDF ဟု စွပ်စွဲဖမ်းဆီး

မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ် ကမ်းနီကျေးရွာတွင် မီးသွေးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့ဝင်ဖြစ်သည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း Indaw Revolution- IR ထံမှ သိရသည်။

“အသက်က ၂၆နှစ်အရွယ် ကိုမင်းမင်းဦးကို ဖမ်းတာ။ အဲ့အကိုက ကမ်းနီရွာသား တောထဲမှာ မီးသွေးဖုတ်တာပါ။ PDF မဟုတ်ဘူးဗျ” ဟု Indaw Revolution မှ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အင်းတော်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ကိုမင်းမင်းဦး(ခ)ကိုလမင်းကို စစ်ကောင်စီတပ်ဖွဲ့က ဖေဖော်ဝါရီလ ၈ရက် နေ့လယ်ပိုင်းအချိန်၌ ဖမ်းဆီးပြီး အင်းတော်ရဲစခန်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းကိုဖမ်းဆီးခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် ကိုမင်းမင်းဦးသည် PDF အဖွဲ့ဝင်ဖြစ်သည်ဟု စွပ်စွဲရေးသားထားပြီး ၎င်း၏ ဓာတ်ပုံနှင့်အတူ ဖော်ပြကာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း ရေးသားထားသည်ကို တွေ့ရသည်။

ဇန်နဝါရီလ ၂၉ရက်ကလည်း အင်းတော်မြို့နယ်တွင် အလှပြင်ဆိုင်ဖွင့်ထားသော မနွေနွေကိုအား အလှပြင်ပစ္စည်းဝယ်ရန် အင်းတော်မြို့ပေါ် သို့သွားစဉ် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့သေးသည်။

ထို့အပြင် အင်းတော်မြို့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းမှု နှစ်နှစ်‌မြောက်နေ့အဖြစ် အသံတိတ်သပိတ်ပြုလုပ်နေချိန် လမ်းမပေါ်လူရှင်းနေသည့် မှတ်တမ်းဓာတ်ပုံကို ရိုက်ယူနေသော ဦးလှအောင်ဆိုသူကိုလည်း မြို့တွင်းကင်းလှည့်နေသည့် ရဲတပ်သားများက ဖမ်းဆီးခဲ့သည်။

အင်းတော်မြို့ပေါ်တွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း အဖမ်းအဆီးအစစ်အဆေးများ ပိုများလာသည့်အတွက် ပြည်သူများ အထူးဂရုစိုက်ကြရန် Indaw Revolution-IR အဖွဲ့က မိဘပြည်သူများအား မှာကြားထားသည်။

Indaw Revolution- IR အဖွဲ့သည် အင်းတော်ဒေသအတွင်းရှိ တော်လှန်ရေးသတင်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဆက်စပ်သော သတင်းများကို မိဘပြည်သူများ သိရှိနိုင်ရန် လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်နေသည့်အဖွဲ့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ပို့ကူညီနေသည့် အဖွဲ့တစ်ခုလည်းဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly