ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် တရုတ်က ရိုးရာကုထုံးများကို အားကိုးလာ

ကိုဗစ်-၁၉ တိုက်ဖျက်ရေးအတွက် တရုတ်က ရိုးရာကုထုံးများကို အားကိုးလာ

ကိုဗစ်-၁၉ ကပ်ရောဂါသည် တရုတ်လူဦးရေအမြောက်အမြားကို ကူးစက်ခဲ့ကာ သန်းနှင့်ချီသောလူများ ဖျားနာခဲ့ပြီး ဆေးဝါးများ ပြတ်လပ်ခဲ့မှုကြောင့် လူအများအပြားသည် ဗိုင်းရပ်စ်ကြောင့် ဖြစ်သည့် ကိုက်ခဲဝေဒနာများကို ပျောက်ကင်းစေရန် ရိုးရာတိုင်းရင်းဆေးများကို အသုံးပြုလာကြသည်။

ကပ်ရောဂါစတင်ကတည်းက တရုတ်သမ္မတရှီကျင့်ဖျင်က တရုတ်တိုင်းရင်းဆေးပညာ (TCM) ကို မြှင့်တင်ခဲ့သလို ကျန်းမာရေးတာဝန်ရှိသူများကလည်း ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရာတွင် တိုင်းရင်းဆေးပညာ၏ အရေးပါသော အခန်းကဏ္ဍကို ချီးကျူးခဲ့ကြသည်။

ဆေးဖက်ဝင်အပင်များဖြင့် ကုသခြင်းများနှင့် နှိပ်နယ်ပေးခြင်းမှသည် အပ်စိုက်ကုထုံးနှင့် ဓာတ်စာအထိ ကုသနည်းအမျိုးမျိုးဖြင့် ဖျားနာမှုအမျိုးမျိုုးကို ကုသရန် တရုတ်တိုင်းရင်းဆေးပညာကို နှစ်ထောင်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြသည်။

ယင်းသည် သိပ္ပံနည်းကျစမ်းသပ်စစ်ဆေးကုသခြင်းမဟုတ်သဖြင့် အမှန်တကယ်ဖျားနာမှုကို ကုသရာတွင် ထိရောက်မှုမရှိကြောင်းနှင့် ထိရောက်မှုနှင့်ပတ်သက်ပြီး ပညာရှင်များသုံးသပ်ထားသည့် အချက်အလက်မရှိသလောက်ဖြစ်ကြောင်း  ဝေဖန်သူများက ဆိုကြသည်။

သို့သော် တရုတ်နိုင်ငံရှိ လူသန်းပေါင်းများစွာက ရောဂါလက္ခဏာများကို သက်သာစေရန် ခေတ်မီဆေးဝါးများနှင့် တွဲဖက်ကာ တိုင်းရင်းဆေးကို အသုံးပြုကြသည်။

ပေကျင်းမှ အသက် ၃၈နှစ်အရွယ် အတိုင်ပင်ခံ ယုလျဲ့သည် ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် ဖျားနာသဖြင့် အရောင်ကျစေသည့် ဂုဏ်သတ္တိရှိသော တရုတ်သစ်ကြံပိုးခေါက်၊ ပျိုနီမြစ်၊နွယ်ချို၊ တရုတ်စွံပလွန်သီးနှင့် ဂျင်းတို့ရောနှောပြီး ဆေးရေနွေးကြမ်း ကျိုသောက်ခဲ့သည်။ 

“မိသားစုက တရုတ်ဆေးတွေ မကြာခဏသုံးပါတယ်။ ဆေးပေါင်းသောက်ပြီးတော့ အဖျားသက်သာ သွားခဲ့ပါတယ်” ဟု ယုလျဲ့က ပြောသည်။ 

ကိုဗစ်-၁၉ ကုသရာတွင် တရုတ်တိုင်းရင်းဆေးရည်များ၏ အခန်းကဏ္ဍနှင့် အစွမ်းထက်မှုတို့ကို ထိထိရောက်ရောက်နှင့် ဓမ္မဓိဋ္ဌာန်ကျကျ ထုတ်ပြန်ရန် ဒေသအာဏာပိုင်များအား တရုတ်အစိုးရက တိုက်တွန်းထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဓာတုဆေးဝါးများကိုအခြေခံသည့် ကိုဗစ်-၁၉ ကုသဆေးများကိုသာ အသုံးပြုရန် အကြံပြုထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly