တရုတ်မိုးပျံပူဖောင်းသည် စစ်ဘက်သုံးကိရိယာဖြစ်ကြောင်း အမေရိကန်သတင်းရင်းမြစ်များ ပြောကြား

တရုတ်မိုးပျံပူဖောင်းသည် စစ်ဘက်သုံးကိရိယာဖြစ်ကြောင်း အမေရိကန်သတင်းရင်းမြစ်များ ပြောကြား

အမေရိကန်တွင် ဖေဖော်ဝါရီလ ၄ ရက်က ပစ်ချခံလိုက်ရသည့် မိုးပျံပူဖောင်းကို တရုတ်စစ်တပ်က သူလျှိုလုပ်ထောက်လှမ်းရာတွင် အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ထောက်လှမ်းရေး သတင်းရင်းမြစ်များက ပြောသည်။

မဟာဗျူဟာဆိုင်ရာ နယ်မြေများတွင် ထောက်လှမ်းရေးအချက်အလက်များ စုဆောင်းရန် ယင်းကဲ့သို့ မိုးပျံပူဖောင်းများကို အသုံးပြုခဲ့သည်ဟု ယူဆရကြောင်း အမည်မဖော်လိုသော အရာရှိများက Washington Post သတင်းစာသို့ ပြောကြားခဲ့သည်။

အဆိုပါနယ်မြေများတွင် ဂျပန်၊ အိန္ဒိယ၊ ထိုင်ဝမ်နှင့် ဖိလစ်ပိုင်တို့လည်း ပါဝင်သည်။

ထိုကဲ့သို့သော မိုးပျံပူဖောင်းများကို စုံစမ်းထောက်လှမ်းရာတွင် အသုံးပြုသည်ဆိုသော ပြောကြားချက်များကို တရုတ်အာဏာပိုင်များက ငြင်းဆိုထားသည်။

အဆိုပါ မိုးပျံပူဖောင်းအချို့ကို ရေတပ်အခြေစိုက်စခန်းတည်ရှိရာ တရုတ်နိုင်ငံတောင်ပိုင်း၊ ဟိုင်နန်ကျွန်းမှ လွှင့်တင်ခဲ့သည်ဟု အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းက ယူဆထားကြောင်း Washington Post သို့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ မိုပျံပူဖောင်းသည် ဟိုင်နန်ရှိ တရုတ်စစ်တပ်က ဦးစီးလုပ်ဆောင်နေသည့် ဝေဟင်ထောက်လှမ်းရေး အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းက ဆိုသည်။

သူလျှိုလုပ်ထောက်လှမ်းမှုနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရက မဟာမိတ်နိုင်ငံပေါင်း ၄၀ ကို ဖေဖော်ဝါရီလ ၆ ရက်က ရှင်းပြခဲ့သည်။ 

အဆိုပါ ရှင်းလင်းပွဲ၌ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝမ်ဒီရှာမန်က ၂၀၁၉ ခုနှစ်တွင် မိုးပျံပူဖောင်းတစ်လုံးသည် ဟာဝိုင်အီနှင့် ဖလော်ရီဒါတို့ကိုလည်း ဖြတ်ကျော်ပျံသန်းခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

သူလျှိုထောက်လှမ်းရေး မိုးပျံပူဖောင်းများတွေ့ရှိမှုကြောင့် အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သံတမန်ရေးတင်းမာမှုများ ဖြစ်ပေါ်လာခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly