နွားထိုးကြီးမြို့နယ်တွင် ကင်းပတ်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့၏ ကားမိုင်းဆွဲခံရ ၂ဦးသေဟုဆို

By ကိုခင်မောင်
10 February 2023
နွားထိုးကြီးမြို့နယ်တွင် ကင်းပတ်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့၏ ကားမိုင်းဆွဲခံရ ၂ဦးသေဟုဆို

မဇ္ဈိမ။     ။ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် ကင်းပတ်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့၏ ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးပွဲချင်းပြီးသေဆုံး၍ လေးဦး ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း၊ Natogyi People Defence Force (NPDF)က  သတင်းထုတ်ပြန်သည်။

“ကျတော်တို့ မိုင်းဆွဲလိုက်တဲ့ကားမှာ စစ်သား ကိုးယောက်လောက်ပါတယ်။မိုင်းက ဒဲ့ထိတာ။ အဲ့မှာ နှစ်ယောက်သေတယ် လေးယောက်ဒဏ်ရာရတယ်။ ကားကတော့ အဲဒီအနားလေးတင် ထိုးရပ်သွားတယ်။နောက်ဆက်တွဲအခြေအနေလည်း သိပ်မသိရသေးပါဘူး။ သူတို့ကလည်း သေနတ်က သုံးချက်လောက် ရမ်းဖောက်တာဆိုတော့ ဘယ်သူမှ မတက်ရဲဘူး” ဟု Natogyi People Defence Force (NPDF)မှ  တာဝန်ရှိသူက မဇ္ဈိမသို့ ပြောသည်။

ယမန်နေ့ ဖေဖေါ်ဝါရီလ ၉ရက် နံနက် ၁၁နာရီဝန်းကျင်အချိန်တွင် နွားထိုးကြီးမြို့ အရှေ့ဘက် တစ်မိုင်ခန့်အကွာတွင် ကင်းပတ်ထွက်လာသော  စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာ‌သည့်ကားကို မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကင်းပတ်ထွက်လာသော စခ(စစ်ကောင်စီတပ်ဖွဲ့)ကားသေး တစ်စီးအား ကျွန်ုပ်တို့ NPDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စခ(စစ်ကောင်စီတပ်ဖွဲ့ဝင်)များဘက်မှ နှစ်ကောင်ပွဲချင်းပြီး သေဆုံးခဲ့ပြီး  လေးကောင်မသေမရှင် ဖြစ်နေသည်ဟု သတင်းအတိအကျရရှိပါသည်”ဟု ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ နွားထိုးကြီးမြို့နယ်  မြင်းခြံ- နွားထိုးကြီး လမ်းမပေါ်  သင်ပြွန်းလမ်းခွဲအနီးတွင် စစ်ကောင်စီတပ်သားများ မောင်းနှင်လာသော Light Truck ကားတစ်စီးကို Natogyi Regional Defence Force (NRDF) က ဇန်နဝါရီလ ၇ ရက် နံနက် ၆နာရီအချိန်ခန့်တွင်  မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကာ ဒဏ်ရာရသူများပြားကြောင်း ယင်းအဖွဲ့က ဇန်နဝါရီလ ၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

ဒဏ်ရာရသည့် စစ်ကောင်စီတပ်သားများကို ၎င်းတို့ဘက်မှ လာရောက်သယ် ဆောင်သွားကြရာ စခန်းအရောက်တွင် လေးဦးထပ်မံသေဆုံးသွားကာ ကျန်ဒဏ်ရာရသူများမှာ ဆေးကုသမှုခံယူလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်မှုဖြစ်စဉ်အပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ရမ်းသန်းပစ်ခတ်ခဲ့ရာ ပြည်သူတစ်ဦး ကျည်ထိမှန်၍ မစိုးရိမ်ရ ဒဏ်ရာရရှိသွားကြောင်းလည်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Natogyi Regional Defence Force ( NRDF) နှင့်အတူ မဟာမိတ်အဖွဲ့ဖြစ်သည့် စစ်ကိုင်းခရိုင်၊ တပ်ရင်းအမှတ်(၄) MSPDF တို့က ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။

နွားထိုးကြီးမြို့နယ်အပါအဝင် မြင်းခြံခရိုင်အတွင်းတွင် စစ်ကောင်စီတပ်များနှင့် အရပ်သားလက်နက်ကိုင် (ပျူစောထီး)များ  ကြီးစိုးသောင်းကျန်းနေပြီး ဒေသခံပြည်သူများကို  ဥပဒေမဲ့ဖမ်းဆီးသတ်ဖြတ်နေသကဲ့သို့  ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း စစ်ကောင်စီတပ်အား  ပြောက်ကျားစနစ်ဖြင့်  တိုက်ခိုက်နေကြ‌ကြောင်း သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required